စာရေးဆရာကြီး ဒဂုန်တာရာ (၉၅ နှစ်) ကွယ်လွန်ပြီ
နာမည်ကျော် ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ(အသက် ၉၅ နှစ်)ဟာ ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့နေအိမ်မှာ ဒီကနေ့ မွန်းလွဲ ၁ နာရီကျော်ကျော်အချိန်က ကွယ်လွန်သွားခဲ့ပါတယ်။ဆရာကြီး ဒဂုန်တာရာရဲ့ ရုပ်အလောင်းကို လာမယ့် သြဂုတ်လ ၂၁ ရက်နေ့မှာ အောင်ပန်းမြို့ သုသာန်မှာပဲ ဂူသွင်းသင်္ဂြိုလ် သွားမှာဖြစ်တယ်လို့ ဆရာ့ကို အနီးကပ် ပြုစုပေးနေတဲ့ ဦးစိုးမြင့်က RFA ကို အခုလိုပြောပါတယ်။
“ဆရာ့ကိုကြည့်ပေးနေတဲ့ ဒေါက်တာကောင်းမြတ်ဆိုတာ အောင်ပန်းဆေးရုံအုပ်ပါ၊ သူက ကျနော်တို့ဆီမှာ ဘာမှမလုပ်တတ်ဘူး၊ သူဆေးရုံခေါ်ထားမယ်ဆို ကျနော်တို့ ဆေးရုံမှာထားပါတယ်၊ ဒီမနက်မှ ဆရာနဲ့ တိုင်ပင်ပြီးတော့ ၁ဝ နာရီလောက် ပြန်ခေါ်လာပါတယ်၊ ပြန်ခေါ်လာတုန်းကစပြီးတော့ အောက်ဆီဂျင်ပေး ထားပါတယ်၊ ၁ နာရီ ၁၅ မှာ ဆုံးပါတင်ခင်ဗျ”
ဆရာဒဂုန်တာရာရဲ့ အမည်အရင်းဟာ ဦးဌေးမြိုင် ဖြစ်ပြီး၊ ကျိုက်လတ်မြို့နယ် ထိုင်ကူမြစ်တန်းရွာမှာ ၁၉၁၉ ခုနစ်က မွေးဖွားခဲ့ပြီး ကျိုက်လတ် အမျိုးသားကျောင်း၊ ရန်ကုန်မြို့ အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်း၊ ရေကျော် မက်သဒစ်ကျောင်းနဲ့ ရန်ကုန်တက္ကသိုလ်တို့မှာ ပညာသင်ယူခဲ့ပါတယ်။
လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် အမြဲတမ်း ကော်မတီ ဒုဥက္ကဌ၊ မြန်မာနိုင်ငံ စာရေးဆရာများ အသင်း ဥက္ကဌ၊ မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂ ဥက္ကဋ္ဌစတဲ့ တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ပါတယ်။
ဆရာ ဒဂုန်တာရာဟာ စာပေသက်တမ်း နှစ်ပေါင်း ၇၀ ကျော်အတွင်း မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ မောင်သစ္စာ၊ မောင်ဘတင့်စတဲ့ ကလောင်ခွဲပေါင်းများစွာနဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာ ရေးရာတွေနဲ့ နိုင်ငံရေး ပတ်သက်တဲ့ ဝေဖန်ရေး ဆောင်းပါးတွေအပြင် ၀တ္တုစာအုပ်ပေါင်း ၂၀ ကျော်ကို ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ဆရာဒဂုန်တာရာဟာ စာပေဗိမာန်ဝတ္ထုတိုပေါင်းချုပ်ဆု၊ အမျိုးသားစာပေဆု၊ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုတွေအပြင် တောင်ကိုးရီးယားနိုင်ငံကပေးအပ်တဲ့ ငြိမ်းချမ်းရေးဆုတွေကိုလည်းရရှိခဲ့သူ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် စာရေးဆရာကြီး ဒဂုန်တာရာ ဈာပနအတွက် ငွေလှူ
စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနအခမ်းအနား အလှူငွေအဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မနေ့ညပိုင်းက အလှူငွေ နှစ်သိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။
အခုလို သမ္မတ ဦးသိန်းစိန် အလှူငွေပေးအပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဈာပနအခမ်းအနား ကော်မတီအဖွဲ့ဝင် ဒေါ်မြင့်မြင့်စိန်က RFA ကို အခုလိုပြောပါတယ်။
“နိုင်ငံတော် သမ္မတကြီးကနေပြီးတော့ အလှူပါဝင်ထည့်မယ်လို့ ကျမတို့ဆီကို ညနေပိုင်း သတင်းရောက်လာပါတယ်၊ နောက်သိပ်မကြာခင်ပဲပေါ့ အောင်ပန်းမြို့က စည်ပင်သာယာ ဥက္ကဌနဲ့ ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရောက်လာပါတယ်၊ ရောက်လာပြီးတော့ နိုင်ငံတော် သမ္မတကြီးကနေပြီးတော့ အလှူငွေနှစ်သိန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကနေပြီးတော့ ၁ သိန်း လာရောက်ပေးအပ်သွားပါတယ်”
ဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနအခမ်းနားကို အောင်ပန်းမြို့မှာ မြန်မာနိုင်ငံနေရာအနှံ့က ကဗျာဆရာတွေ၊ စာရေးဆရာတွေက ဦးဆောင်ပြီး မနေ့ကကျင်းပခဲ့ပါတယ်။
အသက် ၉၅ နှစ်အရွယ် ဦးဌေးမြိုင် ခေါ် စာရေးဆရာကြီး ဒဂုန်တာရာဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
http://burmese.bnionline.net/index.php/news/kng/15125----ksdp-.html
စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာ ဈာပန ကျင်းပ
သြဂုတ်လ ၁၉ ရက်နေ့က ရှမ်းပြည်နယ်တောင် ပိုင်း အောင်ပန်းမြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့တဲ့ စာရေးဆရာကြီး ဒဂုန်တာရာ ခေါ် ဦးဌေးမြိုင် ရဲ့ ဈာပနအခမ်းနားကို အောင်ပန်းမြို့နေအိမ်မှာ ဒီကနေ့ကျင်းပခဲ့ပြီး ညနေ ၂ နာရီမှာ အောင်ပန်းမြို့ မင်းဂူသုသာန်မှာ မီးသဂြိုလ်ခဲ့ပါတယ်။ဆရာဒဂုန်တာရာရဲ့ အရိုးပြာကို ဂူဗိမာန် တည်ဆောက်ဖို့ စီစဉ်ထားတာနဲ့ ပတ်သက်ပြီး ဆရာဒဂုန်တာရာ ဈာပနအခမ်းအနားကော်မတီ ဥက္ကဌ ဦးအံ့မောင်က RFA ကို အခုလိုပြောပါတယ်။
"အောင်ပန်းမြို့မှာရှိတဲ့ မင်းဂူသုသာန်မှာ သီလပေး သရဏဂုံတင်ပြီးတဲ့နောက် ဆရာကြီးကို မီးသင်္ဂြိုလ်ခြင်းလုပ်ပါမယ်၊ မီးသင်္ဂြိုလ်ပြီးရရှိမယ့် အရိုးပြာများကို ဆရာကြီး ဒဂုန်တာရာရဲ့ ဂုဏ်နဲ့ကိုက်ညီအောင် သူပိုင်တဲ့လိမ္မော်ခြံထဲမှာပဲ တင့်တယ်ခန့်ညားလျောက်ပတ်တဲ့ ဗိမာန်တစ်ခုတည်ဆောက်ဖို့ အစီအစဉ်လုပ်ထားပါတယ်ခင်ဗျာ"
ဆရာကြီး ဒဂုန်တာရာရဲ့ နောက်ဆုံးခရီးကို မြန်မာနိုင်ငံနေရာအနှံက ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ဒေသခံတွေ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွမ်းသူ့ပန်းခြင်းပေးပို့ခဲ့သလို နိုင်ငံရေးပါတီတွေ၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နဲ့ ဗကသများအဖွဲ့ချုပ်စတဲ့ အဖွဲ့တွေကလည်း သဝဏ်လွှာတွေနဲ့ လွမ်းသူ့ပန်းခွေတွေ ပေးပို့ခဲ့ကြပါတယ်။
ဆရာကြီး ဒဂုန်တာရာဟာ ကွန်လွန်ချိန်မှာ အသက် (၉၅) နှစ်ရှိပြီဖြစ်ပြီး၊ သူ့ရဲ့ဈာပနအခမ်းအနား ကို အောင်ပန်းတစ်မြို့လုံးနီးပါး လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
http://www.rfa.org/burmese/news/author-dagon-tayar-funeral-08212013112426.html
0 စာဖတ်သူတို့စကားများ:
Post a Comment