ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်ပြီး ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၁၈
ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဗုံးထောင် ဗုံးခွဲတိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသွား တွေပိုမိုဝင်ရောက်လာမှာကို မလိုလားတာအပြင် တိုင်းရင်းသားဒေသတွေမှာ ရင်းနှီးမြုပ်နှံမှု တွေလာရောက်လုပ်ကိုင်မှာကို မလိုလား တာကြောင့်ဖြစ်ကြောင်း ဖမ်းဆီးရမိထားသူတွေက ထွက်ဆိုခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ဒီကနေ့ ပြောလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာကျင်းပတဲ့ ဗုံးဖေါက်ခွဲမူတွေနဲ့ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက အခုလို ပြောခဲ့တာပါ။
“ လက်ရှိဖော်ထုတ်ချက်တွေ အရတော့ သူ့ရဲ့ အကျိုးအကြောင်းလေးကတော့ ၁ အချက် ခရီးသွားလုပ်ငန်းတွေ တိုးချဲ့လာတာကို အဟန့်အတားဖြစ်စေတယ်၊ ၂ အချက်ကတော့ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းတွေရဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမလာအောင် ကာကွယ်တားဆီးထားတာကို သွားတွေ့ရတယ်၊ ဖော်ထုတ်ချက်အရတော့ ဒီလောက်ပဲ အဆင်သင့်ဖြစ်ထားတယ်”
ဒါ့အပြင် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကလည်း ဗုံးပေါက်ကွဲခဲ့မှုတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ကြိုးပမ်းနေတဲ့ အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ပျက်ဆီးသွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတွေထဲကတစ်ဦးဖြစ်သူ ကိုစောမြင့်လွင်ဟာ အရင်က ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ခဲ့ပေမယ့် အခုဗုံးပေါက်ကွဲမှုတွေဟာ KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ ပတ်သက်မှုမရှိဘူးလို့လည်း ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
“ ဒီဖြစ်ရပ်အပါအဝင်ပေါ့နော် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဘယ်လိုမှ ရပ်တန့်သွားစရာ အကြောင်း မရှိပါဘူး၊ ကျွန်တော်တို့ နိုင်ငံတော် အစိုးရကလည်း ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပြီးပြီ၊ တစ်ဖက်က ဆွေးနွေးနေတဲ့ တိုင်းရင်းသား ခေါင်းဆောင်များကလည်း ငြိမ်းချမ်းရေးကို မရရအောင်တည်ဆောက်မယ်၊ ဒို့တာဝန်အရေး သုံးပါအတိုင်း သွားမယ်ဆိုတဲ့ စိတ်ရှိပြီးသား၊ ကျွန်တော်တို့ လက်ရှိညှိနေတာက နည်းနာပိုင်းပေါ့နော်၊ ဒါကို ကျွန်တော်တို့ အကောင်အထည်ဖော်တဲ့ အပိုင်းပဲညှိနေတာ ရည်ရွယ်ချက်က အတူတူပဲ ဖြစ်တယ်၊ ဒါကြောင့်မို့ ဘယ်လိုစိန်ခေါ်မှုပဲ ရှိရှိ၊ ဒါကို ကျွန်တော်တို့ မဖြစ်ဖြစ်အောင်လုပ်မယ်”
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းစတဲ့မြို့တွေမှာ စုစုပေါင်း ဗုံး ၁၀ လုံးတွေ့ရှိခဲ့ပြီး ၆ ကြိမ်ပေါက်ကွဲခဲ့တာ ကြောင့် လူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဗုံးဖောက်ခွဲမှုတွေနဲ့ပတ်သက်ပြီး လူ ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားသလို စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြောပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုကျော်သူ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
သတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့ RFA သတင်းထောက် ကိုမျိုးဇော်ကို ကို ဦးတင်အောင်ခိုင်က ၀ါရှင်တန်ဒီစီမြို့ RFA ရုံးချုပ်ကနေ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
http://www.rfa.org/burmese/news/bomb-blasts-press-conference-10182013120416.html

0 စာဖတ်သူတို့စကားများ:
Post a Comment