နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဂဠုန်ဆရာစံ (၁၈၇၆-၁၉၃၁) သည် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်း (တပယင်း) မြို့နယ် သရက်ကန် အရှေ့ရွာ ဇာတိ ဖြစ်သည်။ အဖ ဦးကျေးနှင့် အမိ ဒေါ်ဖက် တို့မှ ၁၈၇၆ ခု အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ ညီအစ်ကို မောင်နှမ ငါးယောက် အနက် ဆရာစံမှာ အငယ်ဆုံး ဖြစ်သည်။ ငယ်နာမည် မောင်စံရှား ဖြစ်သည်။ ဒီပဲယင်း မြို့နယ် ဇာတိ ဖြစ်သော်လည်း ဆရာစံ အမြဲ နေထိုင်သော အရပ်မှာ မော်လမြိုင်၊ ဘီလူးကျွန်း၊ ချောင်းဆုံ မြို့နယ် ကမာမိုရွာ ဖြစ်သည်။ မြန်မာ ဓာတ် ဆေးဆရာ တစ်ဦး ဖြစ်သည့် အလျှောက် ဆေးကုခြင်း၊ ဗေဒင်ဟောခြင်း၊ ကျမ်းစာအုပ် ရေးခြင်းဖြင့် အသက် မွေးသည်။ အဂ္ဂိရတ်ထိုးလည်း ဝါသနာ ပါသည်။ ရောဂါ လက္ခဏာ တို့၏ ဇစ်မြစ်ကို ပြဆိုသည့် လက္ခဏာဇု ကျမ်းနှင့် ဝိဇ္ဇာ သိပ္ပံ အင်္ဂုတ္တိရကျမ်း တို့ကို ရေးသား ခဲ့သည်။ ဆေး ကုသသည့် အလုပ်ဖြင့် အသက် မွေးရင်း ဓမ္မရက္ခိတ အသင်းနှင့် သီရိဥတ္တမ အသင်းများ ဖွဲ့ကာ ဝံသာနု လုပ်ငန်း များကို လုပ်ကိုင် ခဲ့သည်။ ထို့နောက် ဂျီစီဘီအေ အသင်းနှင့် ဆက်သွယ် မိပြီး ကမာမို တိုက်နယ် ဂျီစီဘီအေ ဥက္ကဋ္ဌ အဖြစ်မှ မော်လမြိုင် ခရိုင် ဂျီစီဘီအေ ဥက္ကဋ္ဌ ဖြစ်လာသည်။ ဦးချစ်လှိုင်နှင့် ဦးစိုးသိမ်း ဂျီစီဘီအေဟု နှစ်သင်း ကွဲသော အခါ ဦးစိုးသိမ်း ဂျီစီဘီအေ ဘက်သို့ ပါသွားသည်။ ဦးစိုးသိမ်း ဂျီစီဘီအေတွင် အမှုဆောင် အဖွဲ့ဝင်နှင့် စည်းရုံးရေးမှူး အဖြစ် ထင်ရှား လာသည်။
ဆရာစံက အင်္ဂလိပ် နယ်ချဲ့ အစိုးရအား လက်နက်ကိုင် တော်လှန်ရန် စိတ်အား ထက်သန် သော်လည်း ဦးစိုးသိမ်း ဂျီစီဘီအေက လက်နက်ကိုင် တော်လှန်ရန် အချိန် မကျသေးဟု ယူဆ သောကြောင့် ဆရာစံသည် လျှို့ဝှက်၍ ဂဠုန် တပ်ဖွဲ့များ ဖွဲ့ကာ အင်္ဂလိပ် အစိုးရအား တော်လှန်ရန် ကြံစည် ခဲ့သည်။ ဦးစိုးသိမ်း ဂျီစီဘီအေ၏ စည်းရုံးရေးမှူး အဖြစ်ဖြင့် ရောက်ရှိရာ အရပ် တိုင်း၌ ဂဠုန် ဆရာစံဟု ခေါ်ကြသည်။ အင်္ဂလိပ် အစိုးရအား လူခွန် မြေခွန် မပေးရေး၊ သီးစားခ မပေးရေး၊ ချစ်တီးကုလား တို့၏ အကြွေးမဆပ်ရေး တို့ကို စည်းရုံး လှုံ့ဆော် ခဲ့သည်။ သို့သော် အင်္ဂလိပ် အစိုးရဘက်မှလည်း သီးစားခနှင့် အခွန်တော်များ ရရှိရေး အတွက် အကြမ်းဖက်၍ ဝရမ်းကပ်ခြင်း၊ ကျွဲ နွားများနှင့် လှည်းများကို လေလံ ပစ်ခြင်းတို့ ပြုလုပ်လာ၍ တောင်သူ လယ်သမားများ မခံမရပ်နိုင် ဖြစ်လာ ကြသည်။ ဤ အခြေအနေတွင် ဆရာစံက ၁၉၃၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် သုပဏ္ဏက ဂဠုရာဇာဘွဲ့ ခံယူလိုက်သည်။ အလံတောင်တွင် ဗုဒ္ဓရာဇာမြို့ နန်းတည်၍ ဘုရင် အဖြစ် ကြေညာခဲ့သည်။ ထို့နောက် နယ်ချဲ့ အင်္ဂလိပ် အစိုးရကို နာကျည်း နေသော တောင်သူ လယ်သထုအား ခေါင်းဆောင်ကာ နယ်ချဲ့ ဆန့်ကျင်ရေး တောင်သူ လယ်သမား အရေးတော်ပုံ ကို ဆင်နွှဲခဲ့သည်။ ထို့ကြောင့် ကိုလိုနီခေတ် မြန်မာ့ သမိုင်းတွင် နယ်ချဲ့ အင်္ဂလိပ် အစိုးရအား လက်နက်ကိုင် တော်လှန်သည့် တောင်သူ လယ်သမား အရေးတော်ပုံ၏ ခေါင်းဆောင်အဖြစ် ထင်ရှားသည်။ ဆရာစံကို အင်္ဂလိပ် အစိုးရ ဘက်မှ ဖမ်းမိသော အခါ အင်္ဂလိပ် ဘုရင်အား တော်လှန် ပုန်ကန်မှုဖြင့် အမှုဖွင့် စစ်ဆေးသည်။ ထို့နောက် ပြစ်မှု ကျူးလွန်သည်ဟု ဆိုကာ ၁၉၃၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သေဒဏ် ပေးခဲ့သည်။
အင်္ဂလိပ် အစိုးရသည် ဆရာစံကို မသေမချင်း ကြိုးပေးသတ်စေလို့ အမိန်ချမှတ်ခဲ့သည်။ သေဒဏ်ပေးခံရသော ကိစ္စကို ဆရာစံက မတုန်လည်းမတုန်းလှုပ်၊ တောင်းပန်ခယတာလည်းမလုပ်ခဲ့လို့ နယ်ချဲ့အင်္ဂလိပ်တွေ မခံချိမခံသာဖြစ်ပြီး မဖုံးနိုင်မဖိနိုင် အမျက်ထွက်ခဲ့ကြသည်။ လယ်သမားခေါင်းဆောင်ကြီး ဆရာစံကတော့ ၁၉၃၁ ခုနှစ် နိုင်ဝင်ဘာလ ၂၈ ရက်နေ့မှာ သာယာဝတီထောင်ထဲက ကြိုးစင်ပေါ်ကို တည်ကြည်ခန့်ငြားစွာ ရင်ကော့တက်ရောက်ပြီး မြတ်တဲ့ လယ်သမားအာဇာနည်ဘဝကို ခံယူသွားခဲ့ပါသည်။
ကိုးဆယ်ကျပ်တန်ပေါ်ကဆရာစံပုံ
ဗမာပြည်လွတ်လပ်ရေးဗိသုကာကြီး
ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်နှင့်
ဗမာပြည်၏ ထင်ရှားသော လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်၊
တောင်သူလယ်သမားအရေးတော်ပုံမှ ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ သမီး ဒေါ်စိန်တို့
တွေ့ဆုံကြစဉ်ဖြစ်သည်။
0 စာဖတ်သူတို့စကားများ:
Post a Comment