Sometimes silence is a really good answer.

အကျိုးကျေးဇူး အကြီးမားဆုံး စိတ်ပုတီးစိပ်နည်း



(၁)ကုန်းမြင့်လေး၏အထက်တွင် ၀ါးတဲကျောင်းသင်္ခန်းလေးက သီးခြားတည်ရှိနေသည်။ မြို့လေးနှင့်မလှမ်းမကမ်းမှာ တည်ရှိနေပေမယ့် တောရိပ်တောင်ရိပ်တို့ဖြင့် ဆိတ်ငြိမ်အေးချမ်းလှသည်။ ထိုဝါးတဲကျောင်းလေးတွင် ခေတ္တသီတင်းသုံးကာ တရားအားထုတ်နေသည့် ရဟန်းတော်၏ မျက်နှာတော်က ပိုပြီးတည်ကြည်အေးချမ်း၍နေသည်။



“ဒါဆို ဒကာလေးကစာရေးဆရာ တစ်ယောက်ပေါ့´´
“တင်ပါ့ဘုရား။ စာရေးဆရာဖြစ်ဖို့ ကြိုးစားနေတာပါဘုရား။ အခုတော့ နည်းနည်းပါးပါးပဲ ရေးနိုင်ပါသေးတယ်ဘုရား´´


အသက် (၂၅) နှစ်ခန့်အရွယ် လူငယ်က ပျပ်ဝပ်ရိုသေစွာဖြင့် ပြန်လည်လျှောက်ထားလေသည်။


“တရားစခန်းမှာ တရားလာနာနေတာကိုရော၊ တရားလာလာ ထိုင်နေတာကိုပါ ဦးဇင်း သတိထားမိနေပါတယ်။ ဒီလိုငယ်တုန်း ရွယ်တုန်းမှာကတည်းက စာပေနဲ့ မွေ့လျော်နေတာ၊ တရားဓမ္မနဲ့ မွေ့လျော်နိုင်တာကိုလည်း ဦးဇင်းက သာဓုခေါ်ပါတယ်။ အခု ဒကာလေးက ဘာများ သိချင်တာရှိလို့လဲ´´


ရဟန်းတော်၏ အသံတော်က ငြိမ်းအေး ကြည်မြနေသည်။


“တပည့်တော် ၁၅နှစ်သား အရွယ်လောက်ကတည်းက ပုတီးစိပ်ဖြစ်နေခဲ့ပါတယ်ဘုရား။ ပုတီးစိပ်ချင်တဲ့ စိတ်သက်သက်နဲ့ ကုသိုလ်ဖြစ် စိပ်နေခဲ့မိတာပါဘုရား။ ဘုရားဂုဏ်တော်ကိုပဲ စိပ်ဖြစ်နေခဲ့တာပါဘုရား။ အခုဒီဘက်(၂)နှစ် လောက်မှာတော့ ၀ိပဿနာတရားတွေကို နာယူလာဖြစ်ပါတယ်ဘုရား။ တရားလည်းထိုင်ဖြစ် ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ပုတီးစိပ်လာတဲ့ အလေ့အကျင့်က စွဲမြဲနေပါပြီဘုရား။ အမှန်ကိုဝန်ခံရရင် ပုတီးစိပ်ရတာကိုလည်း နှစ်သက်သဘောကျမိပါတယ်ဘုရား။ အဲဒါကြောင့် ၀ိပဿနာ အလုပ်ကိုလုပ်နေပြီးမှ ပုတီးကြီးကိုင်နေမိတာ သက္ကာယဒိဋ္ဌိများ ဖြစ်နေသလား၊ သဿတဒိဋ္ဌိများ ဖြစ်နေသလားလို့ သံသယ ဖြစ်နေမိလို့ပါဘုရား´´


လူငယ်က ရဟန်းတော်၏ရှေ့ ၀ါးကြမ်းခင်းပေါ်တွင် ပုဆစ်ဒူးတုတ်၍ ကျုံ့ကျုံကလေး ထိုင်ရင်း ရဟန်းတော်အား လက်အုပ်ချီမိုးကာ လျှောက်တင်နေခြင်းဖြစ်သည်။ လူငယ်၏စကားကြောင့် ရဟန်းတော်၏ မျက်နှာတော်က ပိုပြီး တည်ကြည်လေးနက်သွားလေတော့သည်။


“ဘာသာရေးနဲ့ ပတ်သက်ပြီး ဘယ်လို စာပေတွေများ ဒကာလေးဖတ်ဖြစ်ခဲ့သလဲ´´
“အခုလောလောဆယ်တော့ `ရဟန္တာနဲ့ပုဂ္ဂိုလ်ထူးများ´ စာအုပ်ကို ဖတ်ဖြစ်နေပါတယ်ဘုရား။ ဟိုတုန်းကတော့ `ကိုယ်ကျင့်အဘိဓမ္မာ´ တို့၊ `ဗုဒ္ဓဘာသာကောင်းတစ်ယောက်´ တို့လို စာအုပ် တွေကိုလည်း ဖတ်မှတ်လေ့လာခဲ့ဖူးပါတယ်ဘုရား´´


ဝါးကျောင်းလေး၏ ပြူတင်းပေါက်မှ လေပြေညှင်းလေးက ခပ်ဖြူးဖြူးတိုက်ခတ် ၀င်ရောက်လာသည်။ ကျောင်းအနီးဝန်းကျင်မှ ကျေးငှက်သံလေးတွေကလည်း ၀ါးကျောင်းဆောင်လေးထဲသို့ ပျံ့ဝဲလာတတ်သည်။


“အမှန်တော့`စိပ်ပုတီး´ဆိုတာ လှုတ်ခတ်ပျံ့လွင့်နေတဲ့ ပုထုဇဉ်ရဲ့စိတ်အရိုင်းတွေကို တည်ငြိမ်လာအောင် ထိန်းကျောင်းပေးတာပါပဲ ဒကာလေး။ အဲဒါကိုပဲ သမာဓိထူထောင်တယ်လို့ ခေါ်တာပါပဲ။`၀ိပဿနာ´ဆိုတာကတော့ ကိုယ့်ခန္ဓာထဲမှာရှိတဲ့ ရုပ်တရား နာမ်တရားတွေရဲ့ မတည်မြဲတဲ့သဘော၊ ဖြစ်ချင်း ပျက်ခြင်းသဘောတွေကို ဉာဏ်မျက်စိနဲ့ အထူးစောင့်ကြည့်ရှုမှတ် နေတဲ့အလုပ်ပေါ့။ အဲဒီလို အထူးစောင့်ကြည့်ရှုမှတ် နေနိုင်ဖို့ဆိုတာကလည်း တည်ကြည်တဲ့စိတ်၊ သမာဓိ ရှိမှ စောင့်ကြည့်ရှုမှတ်နေနိုင်တာမျိုးပေါ့ ဒကာလေး။ အဲဒီတော့ ၀င်လေထွက်လေကို အမှတ်သညာထား ပြီးတော့စိတ်ကို တည်ကြည်ငြိမ်သက်သွားအောင် သမာဓိထူထောင်တာပဲဖြစ်ဖြစ်၊ စိတ်ပုတီးနဲ့ ဂုဏ်တော်တစ်မျိုးမျိုးကို ပုတီးစိပ်ပြီး သမာဓိ ထူထောင်တာပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ ဖြည့်ကျင့်သင့်တဲ့ အလုပ်တွေပါပဲ´´


ရဟန်းတော်က စကားကို ခေတ္တရပ်ထားသည်။ ၀ါးကျောင်းလေး၏ အမိုးတံစက်မြိတ်မှ သက်ကယ်မျှဉ်လေးတွေကို လေတိုးဝှေ့သံ တဖျတ်ဖျတ်မှအပ တိတ်ဆိတ်နေပြန်သည်။ ထိုအသံတို့၏ ဖြစ်ခြင်းပျက်ခြင်း သဘောတွေကိုပင် ရဟန်းတော်က တရားအသိဖြင့် နှလုံးသွင်းရှုမှတ်နေပြန်သည်ဟု ထင်ရ၏။ ခဏနေမှ စကားဆက်တော်မူသည်။


“ဒကာလေး ဖတ်မှတ် လေ့လာနေတဲ့ “ရဟန္တာနဲ့ပုဂ္ဂိုလ်ထူးများ” စာအုပ်ကြီးထဲမှာလည်း ပါပါတယ်။ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ကြီးတို့၊ ထွဋ်ခေါင်ဆရာတော်ကြီးတို့၊ ညောင်လွန့်ဆရာတော်ကြီးတို့၊ မိုးညှင်းဆရာတော်ကြီးတို့၊ ရွှေဥဒေါင်းတော်ဆရာတော်ကြီးတို့။ အဲဒီဆရာတော်ကြီးတွေဟာ စိတ်ပုတီးကိုလည်း လက်မလွှတ်ခဲ့ကြပါဘူး။ တစ်နည်းအားဖြင့်တော့ စိတ်ပုတီးကိုမပစ်ပယ်ဘဲ ကျင့်သုံးတော်မူခဲ့ကြတာပဲ မဟုတ်လား။ တကယ်တော့ ပုတီးစိပ်တယ်ဆိုတဲ့ကိစ္စကလည်း အလွန်မွန်မြတ်တဲ့ အလုပ်ပါပဲ။ အတုမရှိတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ကျေးဇူးဂုဏ်တော်တွေကို အာရုံပြု ကြည်ညိုပြီး ဗုဒ္ဓါနုဿတိပွားတဲ့အလုပ်ဟာ အတုမရှိတဲ့အကျိုးကျေးဇူးတွေကို ပေးနိုင်စွမ်းတာအမှန်ပါပဲဒကာလေး။ အကျိုးကျေးဇူးခံစားရမယ်ဆိုတာကလည်း လောကီအကျိုးစီးပွားအတွက်တင် ဘယ်ကပါ့မလဲဒကာရယ်။ သံသရာဝဋ်ဆင်းရဲက လွတ် မြောက်တဲ့အထိ အထောက်အပံ့ဖြစ်စေနိုင်စွမ်း ပါတယ်။ အဲဒါကိုတော့ မမှိတ်မသုံ ယုံကြည်ထား လိုက်ပေတော့´´
“တင်ပါ့ဘုရား…´´
“အဲဒီမှာ အရေးကြီးတာက သံသရာ ၀ဋ်ဆင်းရာက လွတ်မြောက်တဲ့အထိ၊ မဂ်ဉာဏ်ဖိုလ်ပေါက်အသိထူး၊ ဓမ္မထူးတွေ ရရှိနိုင်တဲ့အထိ ရည်စူးပြီး အလုပ်လုပ်နေမိဖို့တော့ လိုတာပေါ့ ဒကာလေးရယ်´´
“တပည့်တော် အဲဒါကိုပဲ သိချင်တာပါ ဘုရား´´


အပြင်တွင် သစ်ပင်ပန်းပင်တွေပေါ်သို့ နေရောင်ခြည်က တောက်ပစွာဖြာကျနေသည်။ ရဟန်းတော်၏ မျက်နှာတော်မှာလည်း သီလ၊ သမာဓိ၊ ပညာဉာဏ်အလင်းရောင်တို့ဖြင့် ထူးထူး ခြားခြား လင်းလက်တောက်ပနေသည်ဟု လူငယ်က တွေးနေမိပြန်သည်။


“ပုထုဇဉ်တွေဆိုတာ ကိုယ့်ရဲ့အတိတ်ဘ၀တွေက ပါလာတဲ့ ပါရမီဓါတ်ခံတွေ စေ့ဆော်မှုအရ ပါရမီအကျင့်လမ်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြည့်ကျင့်လျှောက်လှမ်းနေကြရတာ ဒကာရဲ့။ အဲဒီမှာ စစ်မှန်တဲ့အသိဉာဏ်ပညာဖေးမမှုကို ရရှိနေဖို့ကသာ အဓိကပါပဲ။ စစ်မှန်တဲ့အသိဉာဏ်ပညာရဲ့ ညွှန်ပြထိန်းမတ်ပေးမှုပါမှ အခြေခံအကျဆုံးဖြစ်တဲ့ သီလကိုလည်း စင်ကြယ်အောင်စောင့်ထိန်းနိုင်တယ်။ သမာဓိကိုလည်း ထူထောင်နိုင်တယ်။ ဘာဝနာတရားကိုလည်း ထိထိမိမိ စီးဖြန်းရှုမှတ်နိုင်တယ်။ အဲဒီလိုပဲ ပုတီးစိပ်တဲ့သူတွေဟာလည်း ပုထုဇဉ်ဓလေ့၊ လောကီဓလေ့တွေနဲ့ ပုတီးစိပ်ပုံစိပ်နည်းတွေအမျိုးမျိုးရှိမယ်။ ပုတီးစိပ်တဲ့ဂါထာတော်တွေ၊ ဂုဏ်တော်တွေလည်း အမျိုးမျိုးရှိမှာပဲ။ ကိုယ်ကြိုက်တာကို ရွေးချယ်ပြီး ကျင့်သုံးနိုင်တာပါပဲ။ ဦးဇင်းအနေနဲ့တော့ အတုမရှိတဲ့ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်ကို ဗုဒ္ဓါနုဿတိ ဘာဝနာပွားပြီး သမာဓိထူတောင်တာကို အကြိုက်ဆုံးပါပဲ။ တရိုတသေ တလေးတစားနဲ့ အာရုံမိမိနဲ့ ဂုဏ်တော်ကို ကြည်ညိုရင်း ပုတီးစိပ်ပြီး စိတ်ရဲ့ တည်ကြည်ငြိမ်းအေးမှု သမာဓိထူထောင်ခြင်းကို ပြုနိုင်ဖို့ပဲ လိုရင်းပါ။ အဲဒီလို ပုတီးစိပ်ပြီး ဘာဝနာ ပွားထုံပေးနေတာနဲ့ကိုပဲ ထိုက်သင့်တဲ့စိတ်ရဲ့ တည်ကြည်ငြိမ်းအေးမှု သမာဓိကိုလည်းရရှိလာမယ်။ အကုသိုလ် စေတသိက်တွေ လျော့ပါးပြီး ကုသိုလ်ဇောတွေ မွှမ်းထုံလာမယ်။ ထိုက်သင့်တဲ့ လောကီလောကုတ္တရာ ကောင်းကျိုးချမ်းသာခြင်းတွေကိုလည်း ရရှိမှာအမှန်ပါပဲ။ ပုထုဇဉ်လူသားတွေ အလိုရှိကြ၊ တောင့်တမိတတ်ကြတဲ့ ဘေးရန်ကင်းတာ၊ ကျန်းမာတာ၊ လောကီအကျိုးစီးပွား တိုးတက်ချမ်းသာ နိုင်တယ်ဆိုတာတွေဟာလည်း အမှန်ပါပဲ ဒကာလေး။ ဘာဖြစ်လို့လဲဆိုတော့ ပုထုဇဉ်လူသာမန်တွေရဲ့ နေ့စဉ်ဘ၀မှာ ဘုရားရှိခိုးတာ၊ ပန်းရေချမ်း ဆီမီးကပ်လှူတာ၊ သီလခံယူ ဆောက်တည် စောင့်ထိန်းတာ၊ ဗုဒ္ဓါနုဿတိဘာဝနာ ပွားထုံတာဆိုတဲ့ ကုသိုလ်ကောင်းမှုတွေကို ဖြည့်ကျင့် နေနိုင်ဖို့ဆိုတာကလည်း နည်းတဲ့ပါရမီမှ မဟုတ်တာ။ ကုသိုလ်အလုပ်ဆိုတာကလည်း နည်းနည်းလေး လုပ်ရင်လည်း အဲဒါနဲ့ ထိုက်တန်တဲ့ အကျိုးကတော့ အကာလိကော အခါမလင့် ကောင်းကျိုးပေးတတ်တာပဲလေ။ အဲဒါကြောင့် ပုတီးစိပ်တယ် ဆိုတာ လည်း အလွန်မွန်မြတ်တဲ့အလုပ်၊ အလွန်ကောင်းတဲ့ ကုသိုလ်ရေး စရဏတစ်ခုပါပဲ။ ကောင်းမှုကိုမြတ်နိုးတဲ့ စိတ်အရင်းခံနဲ့ စိပ်ဖြစ်နေဖို့သာ လိုရင်းပါ´´


ရှည်လျားစွာ ပြောပြဆုံးမလိုက်ရပေမယ့် မောသွားဟန်မရှိ။ ရဟန်းတော်၏အသံတော်တို့ ကြည်လင်အေးချမ်း၍နေဆဲ။ ထိုအချိန်မှာပင် ဆွမ်းချက်ကျောင်းလေးဆီမှ ဒကာကြီးတစ်ဦးက ဆရာတော်အတွက် ဆွမ်းပွဲပြင်ခွင့်လျှောက်ထားလေသည်။ ရဟန်းတော်က ဆယ်မိနစ်ခန့် စောင့်ဆိုင်းထားရန် မိန့်တော်မူလေ၏။


“ပထမဦးဆုံးကတော့ ဘာဝနာ(၄၀) ထဲက ကြိုက်တဲ့ဘာဝနာကို ရွေးချယ်နိုင်ပါတယ်။ ဥပမာ-အရဟံဂုဏ်တော်ကို ရွေးချယ်လိုက်ပြီဆိုပါတော့။ ဗုဒ္ဓါနုဿတိဘာဝနာအနေနဲ့ အရဟံဆိုတဲ့ ဘုရားရှင်ရဲ့ဂုဏ်တော်ကို ပါရမီမြောက်ဘာဝနာ ပွားထုံဖြည့်ကျင့်တော့မယ်ဆိုတဲ့အသိကို နှလုံးသွင်းလိုက်ပါတော့ဒကာလေး။ ပြီးတော့မှ စေတီတစ်ဆူဆူမှာပဲဖြစ်ဖြစ်၊ ကိုယ့်နေအိမ် ဘုရား ကျောင်းဆောင်ရှေ့မှာပဲဖြစ်ဖြစ် ပုတီးစိပ်ခြင်း စရဏကုသိုလ် ဘာဝနာကိုဖြည့်ကျင့်ဖို့အတွက်-


(၁)နဂိုနေထိုင်တာထက် ပိုပြီးသန့်ရှင်းစင်ကြယ်အောင် ရေချိုးတာ၊ ကိုယ်လက်သန့်စင်တာ၊ နှုတ် ခံတွင်းသန့်စင်တာ၊ သန့်ရှင်းစင်ကြယ်တဲ့ အ၀တ်တွေ ၀တ်ဆင်တာတွေကို ပထမဦးဆုံးပြုလုပ်သင့်တာပါပဲ။


(၂)ပြီးမှ ရတနာသုံးပါးကို ကိုယ်တတ်စွမ်းသမျှ ပန်းရေဆီမီးအလင်းတွေနဲ့ ပူဇော်တာ၊ ရတနာသုံးပါးနဲ့ အနန္တငါးပါးကို ပျပ်ဝပ် ရိုကျိုးစွာ မာန်ချပြီးကန်တော့တာတွေကိုလုပ်သင့်တယ်။


(၃)ပြီးရင် ငါးပါးသီလခံယူဆောက်တည်ပါ။ ပြီးမှ ဘ၀သံသရာ အဆက်ဆက်ကစလို့ ယနေ့အထိ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ သံဃာတော်အရှင်သူမြတ်တွေနဲ့တကွ မိဘ၊ ဆရာသမားအစရှိတဲ့ မပြစ်မှား သင့်တဲ့သူတွေရဲ့ အပေါ်မှာ ခင်ပွန်းကြီးဆယ်ပါးရဲ့အပေါ်မှာ ပြစ်မှားမိခဲ့၊ ကျူးလွန်စော်ကားမိခဲ့တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ဆိုင်တဲ့အပြစ်တွေကို ကျကျနန ၀န်ချတောင်းပန်တာကို မဖြစ်မနေ ပြုရမယ်။


(၄)ပြီးတော့ အသက်နဲ့ခန္ဓာကို ဘုရားရှင်ထံ အပ်နှံပြီး ဗုဒ္ဓါနုဿတိဘာဝနာကမ္မဋ္ဌာန်းတရားကို ပွားများ ဖြည့်ကျင့်ခွင့်ပြုဖို့ ဘုရားရှင်ထံမှာ တောင်းခံရဦးမယ်။


(၅)ပြီးမှ ၃၁ဘုံ အရပ်ဆယ်မျက်နှာ အနန္တစကြာဝဠာမှာရှိနေတဲ့ ဝေနေယျသတ္တ၀ါအနန္တကို မေတ္တာပို့သရဦးမယ်။ ပြီးမှ ဗုဒ္ဓါနုဿတိဘာဝနာ ကမ္မဋ္ဌာန်းတရားကို ကြည်ညို နှလုံးသွင်းပြီး ဖြည်းဖြည်းမှန်မှန် ပွားထုံနိုင်ပါပြီ။ ဒါဆိုရင် ပုတီးစိပ်ခြင်းအလုပ်၊ ဗုဒ္ဓါနုဿတိဘာဝနာ အလုပ်အတွက် ပြည့်စုံပါပြီ။


အဲဒါတွေက ပုတီးစိပ်ချင်တဲ့ လူအများစုအတွက်ခြုံပြီး ဦးဇင်းပြောနေတာပါ။ ဒကာလေးတို့ လို ၀ိပဿနာဓမ္မကို ကျင့်သုံးနေတဲ့သူတွေအတွက် သက္ကာယဒိဋ္ဌိ၊ သဿဒိဋ္ဌိဆိုတဲ့အစွန်းတွေက လွတ်အောင် ပုတီးစိပ်ပြီး ဘာဝနာပွားထုံတဲ့နည်းကို ဦးဇင်းပြောပြပါဦးမယ်။ ဦးဇင်းပြောပြချင်တာက ဒကာလေးအနေနဲ့ ပုတီးစိပ်ခြင်းဘာဝနာ ကမ္မဋ္ဌာန်းကိုပွားထုံတဲ့အခါ ပစ္စုပ္ပာန်မှာ ကုသိုလ်ဖြစ်ရုံ၊ သမာဓိထူထောင်ရုံသာ မကဘဲ မဂ်ဖိုလ်ချမ်းသာအထိ အထောက်အပံ့ ဖြစ်အောင် ဖြည့်ကျင့်ချင်တယ်ဆိုရင် မှန်ကန်တဲ့ စိတ်နှလုံးသွင်းလေးနဲ့ အားထုတ်လိုက်ဖို့ပါပဲ။ အဲဒါကတော့ စောစောကပြောခဲ့တဲ့ ပုဗ္ဗကိစ္စတွေပြုပြီးတာနဲ့ ပုတီးကိုကိုင်၊ ခါးမတ်မတ်ထား၊ မျက်လွှာလေးချပြီး `ငါမဟုတ် သူမဟုတ်၊ ရုပ်တရား နာမ်တရား အစုမျှသာဖြစ်တယ်။ ပုတီးကလည်းရုပ်တရား၊ စိပ်ချင်တာကနာမ်တရား၊ ထိုင်ပြီး စိပ်နေတာကလည်းရုပ်တရား၊ နှလုံသွင်းအားထုတ်ပြီး ဂုဏ်တော်ကို ပွားထုံနေတာကလည်း နာမ်တရားသာဖြစ်တယ်။ အားလုံးဟာ ရုပ်တရား နာမ်တရားမျှ သာဖြစ်တယ်။ အဲဒီရုပ်တရား နာမ်တရားတွေဟာလည်း ဖြစ်ခြင်းပျက်ခြင်း သဘောမျှသာဖြစ်တယ်´ လို့ အခိုက်အတန့်လေးလောက် နှလုံးသွင်းဆင်ခြင်လိုက်ပါဒကာ။ ဒါဆိုရင် သက္ကာယဒိဋ္ဌိ သဿတဒိဋ္ဌိ၊ ဥစ္ဆေဓဒိဋ္ဌိဆိုတဲ့ အစွန်းကလွတ်မြောက်တဲ့ အမြတ်ဆုံးဘာဝနာ အလုပ်တစ်ခု ဖြစ်သွားပါလိမ့်မယ်။ ဒကာလေးကတော့ ၀ိပဿနာဓမ္မ၊ ၀ိပဿနာဘာဝနာအတွက်ပါ အထောက်အပံ့ဖြစ်အောင် ပုတီးစိပ်ချင်တဲ့သူဆိုတော့ အဲဒီလိုနှလုံးသွင်း ဒိဋ္ဌိဖြုတ်ပြီးမှ စိပ်ပါ။


တခြားကုသိုလ်ဖြစ် စိပ်တဲ့လူတွေကတော့ စောစောကပြောပြခဲ့တဲ့ အချက်(၅)ချက်ထဲက ကျင့်ဝတ်တွေနဲ့ ကိုက်ညီအောင် စိပ်နိုင်ရင်ကိုပဲ ပြည့်စုံလုံလောက်ပါပြီ။ အဓိကကတော့ မိမိပူဇော်ချင်တဲ့ ဂုဏ်တော်ကို ပုတီးစိပ်ခြင်းဆိုတဲ့အလုပ်နဲ့ ဘာဝနာပွားထုံဖြစ်ဖို့သာ လိုရင်းပါ။ ရိုရိုသေသေ ထိထိမိမိ ပွားထုံဖြစ်ဖို့သာ အဓိကပါ။ ပြင်ပ ဗဟိဒ္ဓိဖြစ်တဲ့ ဘာပုတီးနဲ့စိပ်တယ်။ ဘယ်ပုံဘယ်နည်းစိပ်တယ် ဆိုတာတွေက သာမညကိစ္စတွေပါ။ အဓိကနဲ့ သာမညကို ခွဲခွဲခြားခြား သိမြင်အောင် ကိုယ်တိုင်လည်း ကြိုးစားပါ။ သူတစ်ပါးတွေကိုလည်း ရေးသားညွှန်ပြပေးပါဒကာလေး´´


ထိုအချိန်မှာပင် ရဟန်းတော်အတွက် ကပ်လှူရန် ဆွမ်းပွဲအသင့်ပြင်ပြီးဖြစ်ကြောင်း ဒကာကြီးတစ်ဦးက လာရောက်လျှောက်ထားလေတော့သည်။


လူငယ်သည် ရဟန်းတော်၏ခြေအစုံ၌ နဖူးတိုက်ဦးခိုက်၍ကန်တော့ကာ ၀ါးတဲကျောင်းသင်္ခန်းလေးမှ ပြန်လာခဲ့လေ၏။ အပြင်တွင် စူးစူးလက်လက် နေရောင်အောက်၌ မြေနီနီလမ်းကလေးက တောက်ပ၍နေသည်။ သစ်ပင်တွေကလည်း စိမ်းမြနေကြသည်။ လူငယ်၏ခြေလှမ်းတို့ကလည်း ဓမ္မအသိအမြင် တို့ဖြင့် အေးချမ်း၍နေလေတော့သည်။


(၂)
အချိန်ကာလတို့က နှစ်ပေါင်း(၂၀)မျှသော အတိုင်းအတာတို့ကို ကျော်လွန်လာခဲ့လေပြီ။ ထိုစဉ်က ၀ါးတဲကျောင်းကလေးတွင် တရားဓမ္မ အားထုတ်ခြင်း၊ တရားဓမ္မဟောပြခြင်းတို့ ပြုနေခဲ့သည့် ရဟန်းတော်သည် တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ကမ္မဋ္ဌာနာစရိယတရားပြဆရာတော်ကြီးတစ်ပါး ဖြစ်နေလေပြီ။


ထိုစဉ်က ၀ိပဿနာဓမ္မနှင့်အညီ ပုတီးစိပ်တတ်ဖို့ တောင်းပန်လျှောက်ထားပြီး အဆုံးအမ ခံယူခဲ့သည့် လူငယ်လေးသည်လည်း စာရေးဆရာ အလုပ်ကို တမြတ်တနိုးဖြင့် ဆက်လက်လုပ်ကိုင် နေခဲ့လေသည်။ ထိုလူငယ်သည် ကျွန်တော် (သက်နှင်းဆွေ-ပုပ္ပါး) ပင်ဖြစ်ပါသည်။


ကျွန်တော်သည် ထိုဆရာတော်၏ ကျေးဇူးကြောင့် စိတ်တွင်ရှင်းလင်းစွာဖြင့် ပရိတ်တော် ဂါထာတော်ရွတ်ခြင်း၊ သို့မဟုတ် ၀ိပဿနာ ဘာဝနာပွားထုံခြင်းတို့ကို အလျင်းသင့်သလို ကြိုးစားပြီး ဖြည့်ကျင့်နေခဲ့မိပါသည်။ ပုတီးစိပ်မှ၊ တရားထိုင်မှ ဆိုသည့် သီးခြားအယူအစွဲတွေမရှိ။ အလျင်းသင့်သလို ပုတီးစိပ်အဓိဋ္ဌာန်ဝင်သည့်အခါ ၀င်ပါသည်။ တရားဓမ္မတို့ကို နာယူ နှလုံးသွင်းခြင်း ပွားများအားထုတ်ခြင်း ပြုသည့်အခါ ပြုပါသည်။ တတ်စွမ်းသမျှအတိုင်းအတာနှင့် ဖြည့်ကျင့်နေမိခြင်းသာဖြစ်ပါသည်။ သို့သော် သေချာသည်မှာ ဘာပဲလုပ်လုပ် ကျွန်တော့်စိတ်ထဲတွင် ရှင်းလင်း နေပါသည်။ အစွန်းရောက် အယူအစွဲတွေ မရှိ။ သာမန်ပုထုဇဉ်ဘ၀တွင် ကုသိုလ်ရေးစရဏ တစ်ခုခုကို မကြာမပြတ် ဖြည့်ကျင့်နေနိုင်ဖို့သည်ပင် လွယ်ကူလှသည်မဟုတ်ဟု ကျွန်တော်ခံယူထား ပါသည်။


ထို့အပြင် ကျွန်တော်နှင့် စကားစပ်မိ၍ ပုတီးစိပ်နည်း တောင်းခံသူတွေ၊ ဘာနေ့သားအတွက် ဘာပုတီးကိုစိပ်ရမလဲဟု မေးမြန်းသူတွေ၊ ဘယ်လို ဘယ်ပုံ ပုတီးစိပ်ရမည်လဲဟု ဆွေးနွေးလာသူတွေလည်း များစွာ ကြုံခဲ့ဖူးပါသည်။ ပုတီးစိပ်ခြင်း နှင့် ပတ်သက်ပြီး ပုတီးစိပ်ဂါထာ၏ တိကျခြင်း၊ အချိန်တိကျခြင်း၊ နေရာတိကျခြင်း၊ ပုတီးပတ် တိကျခြင်း၊ ဆုတောင်းတိကျခြင်း စသည့် တိကျခြင်းများအကြောင်းမှအစ သန့်စင်ခြင်းများ အကြောင်းတို့ကို ဆရာပေါင်းများစွာ၊ ကျမ်းပေါင်းများစွာဖြင့် လေ့လာခဲ့ဖူးပါသည်။ ယုတ်စွ အဆုံး ပုတီးစိပ်ရာတွင် ခင်းထိုင်ရမည့် အမျိုးအစား၊ ပုတီးစိပ်ရာတွင် ထိုင်ရမည့် ထိုင်နည်းမျိုးစုံ၊ ပုတီးစိပ်ရာတွင် လက်မနှင့် လက်ခလယ်တွဲ၍ စိပ်ခြင်း စသည်ဖြင့် ပုတီးလမ်း၏ ကျယ်ပြန့်နက်နဲသော အကြောင်းချင်းရာ များစွာတို့ကိုလည်း များစွာ လေ့လာခဲ့၊ သင်ယူခဲ့၊ ကျင့်သုံးခဲ့ဖူးပါသည်။


သို့သော် ယခုအချိန်တွင်မူ ထိုထိုသော နည်းများစွာကို လိုက်နာခြင်းထက် ပို၍ အရေးကြီး သည်မှာ နေ့စဉ် မှန်မှန် ပုတီးစိပ်နိုင်ဖို့သာ ဖြစ်သည်ဟု ခံယူမိပါသည်။ အကြောင်းမူ ထိုထိုသော ပုတီးလမ်း မှ နည်းစနစ်ကောင်းတို့သည် ပုတီးစိပ်ခြင်းဖြင့် အကြားဓါတ်၊ အမြင်ဓါတ်၊ မနောဓါတ်ပေါက်ရန် မှ အစပြုလျှက် သိဒ္ဓိပေါက် မဟိဒ္ဓိပေါက်အထိ ကျင့်ကြံနေသည့် ပါရမီရှင်များ အတွက်မူ အလွန် အကျိုးရှိသည့်၊ လိုက်နာကျင့်သုံးရမည့် စနစ်ကောင်း များပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည် လူသာမန် ပုထုဇဉ်တို့သဘာဝ လောကီထုပ္ပါတ် လူတို့ဇာတ် တွင် လောကီစားဝတ်နေမှုကိစ္စတို့နှင့် ကိစ္စများစွာ လူတို့ဝန်တာတို့ဖြင့် အချိန်ကုန်နေတတ်သည် ဖြစ်ရာ နေ့စဉ်မှန်မှန် ဘုရားရှိခိုးနိုင်ဖို့၊ ကုသိုလ်ဖြစ် ပုတီးစိပ်နိုင်ဖို့ပင် အတော်ကြိုးစားနေကြရသည် မဟုတ်ပါလား။ ထို့ကြောင့် ကျွန်တော်သည် ယခုအချိန်တွင် လွန်ခဲ့သည့်နှစ်ပေါင်း (၂၀) ခန့်က ဆရာတော်ကြီး ညွှန်ပြခဲ့သည့် ရိုးရိုးနှင့် အထိရောက်ဆုံးနည်းဖြင့်သာ ပုတီးစိပ်ဖြစ်ပါတော့သည်။ အလုပ်များလွန်းသည့်နေ့များ၊ လူမှုရေးကိစ္စတွေ များလွန်းသည့် နေ့များတို့တွင် အိပ်ယာဝင်ခါနီးမှ အပြေးအလွှား ပုတီးစိပ်ရသည့် အဖြစ်မျိုးလည်း များစွာ ရှိလာ ပါသည်။


ပုတီးစိပ်ရာတွင်လည်း လွယ်လွယ်ကူကူဖြင့် အာရုံထိမိစွာစိပ်နိုင်သည့် လက်မဖြင့်သာ ပုတီးလုံးလေးတွေကို တစ်လုံးချင်း ဆွဲယူပြီး စိပ်ဖြစ်ပါသည်။ သို့သော် ပုတီးစိပ်ခါနီးတွင် ဒိဋ္ဌိဖြုတ် နှလုံးသွင်းခြင်းကိုတော့ အတတ်နိုင်ဆုံး ကြိုးစားဖြည့်ကျင့်မိပါသည်။


စာဖတ်သူမိတ်ဆွေ…။သင်သည် ပုထုဇဉ်သဘာဝ ပုတီးစိပ်နည်းဂါထာ၊ ကျင့်စဉ် အမျိုးမျိုးအနက်မှ သင်ကြိုက်ရာ ရွေးချယ်နိုင်ပါသည်။ လာဘ်ပွင့်ချင်လို့ပဲဖြစ်ဖြစ်၊ စီးပွားတက်ချင်လို့ပဲဖြစ်စေ၊ ရာထူးတက်ချင်လို့ပဲဖြစ်စေ၊ သင်ကြိုက်ရာကို သက္ကာယစွဲဖြင့်ပင် ရွေးချယ်ပြီး ပုတီးစိပ်ခြင်း အဓိဋ္ဌာန်ဝင်နိုင်ပါသည်။ သို့သော် ရိုးရိုးရှင်းရှင်းနှင့် အကျိုးအရှိဆုံးဖြစ်အောင် နှလုံးသွင်းပြီး ပုတီးစိပ်လိုပါက ကျွန်တော်မှတ်သားထားခဲ့ဖူးသည့် (၁၊ ၂၊ ၃၊ ၄၊ ၅) အစီအစဉ်အတိုင်း ကျကျနန စိပ်ကြည့်လိုက်ပါ။ ထို့ပြင် ဒိဋ္ဌိဖြုတ် နှလုံးသွင်းနည်းလေးဖြင့် နှလုံးသွင်းဆင်ခြင်ပြီး စိပ်ကြည့်လိုက်ပါ။ နံပါတ်စဉ် ၁ ၂ ၃ ၄ ၅ လောက်ကို လိုက်နာကျင့်သုံးနိုင်လျှင်ပင် သင့်အတွက် အတော်လုံလောက်နေပြီဟု ကျွန်တော် ယုံကြည်ပါသည်။ ဒိဋ္ဌိဖြုတ်နှလုံးသွင်း ဆင်ခြင်မှုပါ ပြုနိုင်လျှင် အလွန်ကောင်းမြတ်စွာ ကျင့်သုံးနိုင်ခြင်း ဖြစ်ပါလိမ့်မည်။


ဘယ်လိုပဲဖြစ်ဖြစ် သင်တို့ ကျွန်တော်တို့အတွက်မှာမူ နေ့စဉ်မှန်မှန် ပုတီးစိပ်နေဖြစ်ခြင်းသည်ပင် သာမန်ကုသိုလ်မဟုတ်တော့တာ သေချာပါသည်။ ပုထုဇဉ်လူသာမန်ကျွန်တော်တို့၏ နေ့စဉ် ဘ၀ရှင်သန်မှုတွင် ကုသိုလ်ရေးအလုပ် တစ်ခုခုကို မိနစ်ပိုင်း နာရီပိုင်းမျှဖြစ်စေ တွဲဖက် ဖြည့်ကျင့် နေနိုင်ခြင်းသည် ပါရမီဓါတ်ခံများသူမှသာ ဆောင်ရွက်နိုင်သည်ဟု ကျွန်တော် ခံယူထားမိပါသတည်း။

«ဓမ္မကိုကျင့်သုံးသူကို ဓမ္မကပင် ပြန်လည် စောင့်ရှောက်သွားတတ်သည်ဟူသော မြတ်ဗုဒ္ဓ အဆုံးအမကို ဦးထိပ်ပန်ဆင်လျှက်။»

အားလုံးသတ္တ၀ါချမ်းသာပါစေ
သက်နှင်းဆွေ-ပုပ္ပါး
(၁၀.၁.၂၀၀၉ ၊ တနင်္ဂနွေနေ့ ၃း၅၅)


ကိုပြည့်စုံအောင် မေးလ်ကနေ ပို့ပေးတာလေးပါ။ ခေါင်းစဉ်နဲ့ အတူပေါ့ဗျာ။ ကျွန်တော် တစ်ခုတော့ ပြောချင်မိတယ်။ ခေါင်းစီးလေးနဲ့ ပတ်သက်လို့ပါ။ ဗုဒ္ဓတရားတော်တွေ ဂုဏ်တော်တွေက အများသားဆိုတော့ ပုတီးစိပ်တာပဲဖြစ်ဖြစ် ပုတီးမပါဘဲ ၀စီကံမှု အလေ့ပြုတာပဲ ဖြစ်ဖြစ် အကျိုးကျေးဇူး များတာတွေချည်းပါပဲ။ စိတ်စေတနာ စတဲ့ အင်္ဂါရပ်တွေ ကွဲပြားတဲ့အပေါ်မှာ မူတည်ပြီး အကျိုးတရား ကွဲပြားမှာပါ။ ဒါကြောင့် ဗုဒ္ဓတရား အမှန်သာ ဖြစ်ရင် အဲဒီအပေါ်မှာ အကျိုးကျေးဇူး အကြီးမားဆုံး လို့ မဆိုသင့်ပါဘူး။ စာရေးသူ တစ်ဦးတစ်ယောက်အတွက် အကြီးမားဆုံး ဖြစ်ခဲ့ရင်တောင် တခြားသူတွေ လုပ်နေတဲ့ ဗုဓတရားဘောင်ထဲက သမထဘ၀နာ စီးဖြန်းမှုတွေက (သို့) ပုတီးစိပ်နည်းတွေက စာရေးသူတွေ့ခဲ့တဲ့ နည်းလောက် ဘယ်လိုမှ မကောင်းနိုင်ဘူးလို့ ပြောရာရောက်တာမို့ အဲဒီခေါင်းစီး မသုံးစွဲသင့်ဘူးလို့ ထင်ပါတယ်။ မကြိုက် မတင်နဲ့ပေါ့ကွာ လို့ ပြောချင်နေမလား မသိ။ ကျွန်တော်ကတော့ ဒီအထဲက တစ်ခုခုကို လိုအပ်နေတဲ့သူ ရှိချင်ရှိမှာ ဆိုတဲ့ ခံစားချက်လေးနဲ့ တင်တာပါ။ အကျိုးမဲ့မှာလဲ မဟုတ်ဘူးထင်လို့ပါဗျာ။ စာအုပ်ကိုတော့ မဖတ်ဖူးပါဘူး။ အဲဒါကြောင့် ကိုပြည့်စုံအောင် တပ်ထားတယ်ဆိုရင်လဲ ခုလိုပဲ အားမနာတမ်း ပြောပါရစေဗျာ နော်။ စိတ်ဆိုးသွားရင်လဲ ဒီပုတီးစိပ်နည်းလေးနဲ့သာ ပြန်ပြီး ထိန်းချုပ်ပေးပါလို့ ....။

ချစ်တဲ့ပျို့မောင်ကြီး

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!