မတ်လ ၂၁ ရက်နေ့ ည ၈ နာရီခန့်တွင် မုံရွာမြို့ မုံရွာတောင် ရပ်ကွက် အောင်ဇေယျုံရပ်နေ မ---၏ သုံးပင်နှစ်ခန်း ကပ်မိုးကပ်ကာ နှစ်ထပ်အိမ် အပေါ်ထပ်တွင် ဖယောင်းတိုင် မီးထွန်းထားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
''မီးလောင်တဲ့နေရာက ချင်းတွင်းမြစ်တာရိုး တောင်ဘက်ထိပ် အနီးမှာ ဖြစ်သွားတာပါ။ မီးလောင်တဲ့ နေရာနားမှာ နေအိမ်လေးတွေ စိပ်သလို လက်လုပ်လက်စားတွေ များတယ်။ ချင်းတွင်းမြစ်ထဲကလည်း သဲသောင်တွေချည်း ရှိနေလို့ ရေယူရတာ မလွယ်ဘူးလေ။ မီးသတ်ကားတွေကတော့ မြို့ပေါ်ကအပြင် ချောင်းဦး၊ အရာတော်၊ ရေဦး စတဲ့ ပတ်ဝန်းကျင် မြို့ပေါ်တွေကပါ လာကြတယ်။ မီးတောက်က အရမ်းကြီးပြီး မီးလောင်ချိန်က နှစ်နာရီနီးပါး ရှိတယ်''ဟု ဒေသခံတစ်ဦးက ပြောပါသည်။
မီးလောင်မှုကြောင့် နံရံကပ်တိုက် ကိုးလုံး၊ ပျဉ်ထောင်သွပ်မိုး နှစ်လုံး၊ ကပ်မိုးကပ်ကာ၊ မြေစိုက် ၅၃ လုံး စုစုပေါင်း ၆၄ အိမ် မီးကူးစက် လောင်ကျွမ်းခဲ့ရာ အိမ်ထောင်စု ၇၅ စု၊ အသက် ၁၈ နှစ်အထက် ကျား ၉၆ ဦး၊ မ ၇၈ ဦး၊ အသက် ၁၈ နှစ်အောက် ကျား ၃၂ ဦး၊ မ ၂၄ ဦး၊ စုစုပေါင်း ၂၃၀ ဦးတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မီးလောင်ကျွမ်းမှုမှာ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မီးညွန့်ကျိုးကာ ည ၁၀ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် မ----အား မုံရွာမြို့ အမှတ်(၁) ရဲစခန်းမှ (ပ)၁၈၀/၂၀၁၁၊ ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ မတ်လ ၁၄ ရက်နေ့ကလည်း မုံရွာမြို့ မြ၀တီရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်လေးလုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
0 Comments:
Post a Comment