အာရှပစိဖိတ် ဒေသတွင်း အစိုးရတွေကို ပတ်ဝန်းကျင်မှာ ရေဒီယို ဓါတ်သတ္တုကြွ ပစ္စည်း ပါဝင်မှုပမာဏ radioactivity levels ကို တိုင်းတာ စစ်ဆေးမှု ပြုလုပ်ကြဖို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက တိုက်တွန်း နှိုးဆော်ထားပါတယ်။ ဂျပန် ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ နျူကလီးယား စွမ်းအားစက်ရုံ ပေါက်ကွဲပြီး လေထုထဲကို ဓါတ်ရောင်ခြည်တွေ ထုတ်လွှင့် ခဲ့ပြီးတဲ့နောက် အခုလို သတိပေး ထားတာပါ။
ဓါတ်ရောင်ခြည် radiation ကို sievert လို့ခေါ်တဲ့ အတိုင်းအတာကို အသုံးပြု တိုင်းတာပါတယ်။ လူသား တစ်ရှုးမျှင်များက စုပ်ယူလိုက်တဲ့ ဓါတ်ရောင်ခြည် ပမာဏကို တိုင်းတာပေးပါတယ်။
1 sievert ဟာ 1,000 millisieverts (mSv) ဖြစ်ပြီး 1 mSV မှာ 1,000 microsieverts ရှိပါတယ်။
ဓါတ်ရောင်ခြည်ပမာဏ မြင့်တဲ့အခါမှာ စိုးရိမ်ရတဲ့ ကျန်းမာရေး အန္တရာယ်အကြောင်း ဆိုင်ရာ အချက်အလက်တွေကို စုစည်း တင်ပြထားပါတယ်။
ဂျပန် ကတ်ဘိနတ် အတွင်းရေးမှူး ယူကီအိုအီဒန်နို ပေါက်ကွဲခဲ့တဲ့ စက်ရုံနားမှာ ဓါတ်ရောင်ခြည် ပျံ့နှံမှု ပမာဏ 400 milllisieverts (mSv) အထိ ရှိခဲ့တယ်လို့ ပြောဆိုဖူးပါတယ်။ ဒါဟာ နျူကလီးယား ဓါတ်ပေါင်းဖိုနဲ့ ယူရေနီယံမိုင်းတွင်း လုပ်သားတွေ တစ်နှစ်မှာ စုဆောင်း ရရှိနိုင်တဲ့ ပမာဏထက် အဆ ၂၀ ပိုပါတယ်။
သာမန် လူအများစုကတော့ တစ်နှစ်ကို သဘာဝ ပတ်ဝန်းကျင်က ဓါတ်ရောင်ခြည် 2-3 mSv ခံရပါတယ်။
ခန္ဓာကိုယ် ဓါတ်မှန် CT scan ရိုက်တဲ့အခါမှာ ရိုက်ခံရတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းဟာ လူကြီးမှာ 15 mSv, မွေးကင်းစ ကလေးဆိုရင် 30 mSv ပမာဏ ဓါတ်ရောင်ခြည်ကို လက်ခံရရှိပါတယ်။
ပုံမှန် ရင်ဘတ် x-ray ရိုက်တဲ့အခါမှာတော့ 0.02 mSv ရှိပြီး သွားတွေကို ဓါတ်မှန်ရိုက်တဲ့ အခါမှာ 0.01 mSv ရှိပါတယ်။
ဓါတ်ရောင်ခြည် တစ်နှစ်ကို ပမာဏ 100 mSv ထိမှန် ခံရခြင်းဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ အနိမ့်ဆုံး အဆင့်ပါ။ 1,000 mSv (1 sievert) ပမာဏလောက် စုဆောင်း ရရှိပြီဆိုရင်တော့ လူ ၁၀၀ မှာ တစ်ဦးဟာ နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ ကင်ဆာရောဂါနဲ့ အသက်ဆုံးရှုံး နိုင်ပါတယ်။
CT scan ၃ ခုလောက်မှာတော့ ကင်ဆာရောဂါ ဖြစ်စေနိုင်လောက်တဲ့ ဓါတ်ရောင်ခြည် ပမာဏ 90 mSv ထိမှန်ခဲ့ဖူးတဲ့ သက်သေ အထောက်အထား ရှိပါတယ်။ ဒီအချက်အရ လူကြီးတွေလည်း ဖြစ်နိုင်သလို ကလေးတွေက ပို ဖြစ်နိုင်ချေ များပါတယ်။
ဓါတ်ရောင်ခြည် ပမာဏ များလွန်းတဲ့အခါ၊ ဒါမှမဟုတ် တိုက်ရိုက် ထိမှန် ခံရတဲ့အခါ ဗဟိုဦးနှောက် အာရုံကြောစနစ်၊ သွေးနီဥနဲ့ သွေးဖြူဥတွေကို ပျက်စီးစေပါတယ်။ အဲဒီအခါမှာ ခန္ဓာကိုယ် ခုခံကာကွယ်တဲ့စနစ် immune system အလုပ် မလုပ်နိုင်တော့ဘဲ ရောဂါပိုးမွှားတွေရဲ့ ကြီးစိုး ချယ်လှယ်မှုကို ခံရတော့တယ်။
ဥပမာ - ဓါတ်ရောင်ခြည် radiation ၁ ဆီဗာ့ (1,000 mSv) ပမာဏ ကို ထိမှန် ခံရတဲ့အခါမှာ ပျို့တက်လာမယ်၊ အန်မယ်၊ သွေးယိုမယ်၊ ဒါပေမဲ့ အသက်မဆုံးရှုံး နိုင်သေးပါဘူး။ ၅ ဆီဗာ့ (5 sieverts) လောက် တကြိမ်တည်း ထိမှန်ရရှိတဲ့ လူတ၀က်လောက်ဟာ တစ်လအတွင်း အသက်ဆုံးရှုံးရနိုင်ပါတယ်။
ချာနိုဘိုင်း နျူကလီးယားပေါက်ကွဲမှုတုန်းက ၃၅၀ မီလီဆီဗာ့ (350 mSv) ပမာဏကို လူတွေ ရွှေ့ပြောင်းရမယ့် အဆင့်လို့ ကမ္ဘာ့ နျူကလီးယား အသင်းကြီးက သတ်မှတ်ထားခဲ့တယ်။
ချာနိုဘိုင်းနဲ့ ဂျပန်နျူကလီးယားစက်ရုံတွေမှာ ၀န်ထမ်းတွေကို ထိခိုက် ဖြစ်ပွားခဲ့တဲ့ ရေတို ဓါတ်ရောင်ခြည် ထိခိုက်မှု very acute radiation ကတော့ ပြည်သူလူထု အများစုအတွက် မဖြစ်နိုင်ဘူးလို့ ဟောင်ကောင် တက္ကသိုလ်က ဓာတုရောဂါ ကျွမ်းကျင်သူ လမ်ချင်းဝမ်က ရှင်းပြပါတယ်။
1 Sievert =100 mRem
မောက္ခ ကျန်းမာရေးသတင်း

0 Comments:
Post a Comment