ဂျပန်နိုင်ငံမှာ ကြာသပတေးနေ့ညက အင်အားကောင်းတဲ့ ငလျင် ထပ်မံလှုပ်ခဲ့လို့ လျှပ်စစ်မီးတွေပျက်ပြီး ဂျပန် အရှေ့မြောက်ပိုင်း တလွှားမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားခဲ့ရပါတယ်။ လှုပ်ပြီး ၂ နာရီလောက် အကြာမှာတော့ အစိုးရက သတိပေးချက်ကို ရုပ်သိမ်းလိုက်ပေမယ့် သတိရှိရှိ နေကြဖို့ အဲဒီဒေသမှာ နေထိုင်ကြတဲ့ သူတွေကို သတိပေးထားပါတယ်။
ပျက်စီးပြီးဖြစ်တဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယားစက်ရုံမှာ အရေးပေါ် အခြေအနေ ထပ်မံဖြစ်တယ်လို့ သတင်းမရသလို ထိခိုက်ဒဏ်ရာ ရသူတွေ ရှိတယ်လို့ မကြားသိရကြောင်း တိုကျို လျှပ်စစ်ဓာတ်အား ကုမ္ပဏီ TEPCO က ပြောပါတယ်။
၇ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်က ဖူကူရှီးမား ဒေသမှာ ဒေသစံတော်ချိန် ည ၁၁ နာရီခွဲက လှုပ်ခဲ့ပြီး စက်ရုံလုပ်သားတွေဟာ ချက်ချင်းပဲ အကာအကွယ်ရမယ့် နေရာတွေမှာ ခိုလှုံခဲ့ကြရပါတယ်။ အန္တရာယ်ကြီးလောက်အောင် အလွန်အကျွံ အပူများနေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ အေးအောင် နိုက်ထရိုဂျင်နဲ့ ရေကို ပက်သွင်းနေတယ်လို့ ဂျပန်နိုင်ငံ နျူကလီးယား စက်မှုလုပ်ငန်းနဲ့ လုံခြုံရေးဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။
နောက်ဆုံးငလျင်ကြောင့် တခြား နျူကလီးယား စက်ရုံကို ပေးနေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ အပေါ် သက်ရောက်မှု ရှိခဲ့ပေမယ့် ဂျပန် အရှေ့မြောက်ပိုင်း မီယာဂျီ ခရိုင်မှာရှိတဲ့ အိုနာဂါဝ (Onagawa) နျူကလီးယား စက်ရုံမှာ ပြဿနာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေတော့ မရရှိပါဘူးလို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ဆက်တွဲ ဒီငလျင်ဟာ ပြင်းအား ၇ ရှိပြီးတော့ ပင်လယ်ရေမျက်နှာပြင်အောက် ၂၄ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဘူမိ လေ့လာရေးဌာနက ဆိုပါတယ်။
ငလျင်လှုပ်တာကို တိုကျိုကနေ တော်တော်ကြီး ပြင်းအားကောင်းကောင်း ခံစားလိုက်ရပါတယ်လို့ အဲဒီမှာရှိတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။

မှ http://www.rfa.org/burmese/news/clashes_spread_out_in_shan_region-04052011144131.html
RFAမူရင်းသတင်းဖော်ပြချက်တွင် ခေါင်းစီးကအစ အချို့နေရာတွေမှာ ''ပေမည့် ၊ ပေမယ့် ဟု သုံးရမည့်အစား ပေမဲ့ ဟု သုံးထားသည်။ ပြင်ထားပါသည်။ လျှာရည်ခြင်း မဟုတ်ပါဘူးဗျာ။ ဘာလို့ ပြောတာလဲ ဆိုတော့ ပညာတတ်တွေ စုဝေးနေတဲ့ နာမည်ကြီး သတင်းမီဒီယာ တစ်ခု အနေနဲ့ မြန်မာစာ မြန်မာစကား မမှားအောင် အတတ်နိုင်ဆုံး ဖော်ပြပေးသင့်တယ် ထင်လို့ပါဗျာ။ နော်။

0 စာဖတ်သူတို့စကားများ:
Post a Comment