အလုပ်သမားများကို ကာကွယ် စောင့်ရှောက်နိုင်မှု မရှိခြင်း၊ ဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းများနှင့် မကိုက်ညီခြင်းတို့ကြောင့် တရားဝင် လုပ်ကိုင်ခွင့် ရထားသည့် ဆွေဆွေစံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လိုင်စင်ကို ပြန်လည် သိမ်းဆည်းခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။
သြဂုတ်လ ၉ ရက်နေ့က ပြည်ပ လုပ်သား ပို့ဆောင်ခွင့် လိုင်စင် သိမ်းဆည်းခံ ခဲ့ရခြင်း ဖြစ်ကြောင်း ဆွေဆွေစံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ မန်နေဂျာ ဒေါ်အေးအေးသင်းက ဆိုသည်။
အလုပ်သမား ၈၀၀ ခန့်ကို ထိုင်းနိုင်ငံသို့ ပို့ရန် ဝန်ကြီးဌာန၏ ခွင့်ပြုချက် တောင်းခံရာတွင် ကြန့်ကြာနေသည်ဟု ဆိုကာ ဆွေဆွေစံ အေဂျင်စီက လုပ်သား ၂၀၀ ခန့်ကို ဦးဆောင်ကာ မြဝတီ မြို့တွင် ဇွန်လ ၂၇ ရက်နေ့က ဆန္ဒပြခဲ့ပြီး နောက်တစ်လကျော် အကြာတွင် လုပ်ကိုင်ခွင့် လိုင်စင် ပြန်လည် သိမ်းဆည်းခံရခြင်း ဖြစ်သည်။
“ဆန္ဒထုတ်ဖော်တဲ့အတွက် လိုင်စင်သိမ်းတာဆိုရင် တရားမျှတမှု မရှိဘူးလို့ ထင်တယ်။ ဒီအတွက် သမ္မတကြီးဆီကိုပါ ဆက်တိုင်သွားမယ်။ ဥပဒေအရလည်း ရင်ဆိုင်မယ်” ဟု ဒေါ်အေးအေးသင်းက ပြောကြားသည်။
ဆွေဆွေစံ အေဂျင်စီ အပါအဝင် ထိုင်းနိုင်ငံသို့ မြန်မာ အလုပ်သမား စေလွှတ်ခွင့် ပြုထားသော အကျိုးဆောင် အေဂျင်စီ ၁၂ ခုကို နှစ်နိုင်ငံ သဘောတူညီမှု MoU စနစ်ဖြင့် အမှန်တကယ် စေလွှတ်ပြီး အခွင့်အရေး အကာအကွယ်ပေးမှုများ ရှိ မရှိ စစ်ဆေးရန် ဧပြီလ ၂၅ ရက်နေ့ တွင် အစိုးရက ယာယီ ဆိုင်းငံ့ခဲ့ပြီး ဆွေဆွေစံ အေဂျင်စီကို မေလ ၄ ရက်နေ့ တွင် ပြန်လည် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက တရားဝင် ခွင့်ပြုထားသော ပြည်ပ အလုပ်အကိုင် အေဂျင်စီပေါင်း ၁၇၀ ကျော်ရှိပြီး ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ခွင့် ရထားသည့် အေဂျင်စီ ၆၅ ခု ရှိသည်။
ရန်ကုန်၊ သြဂုတ် ၁၆
the voice w
0 စာဖတ်သူတို့စကားများ:
Post a Comment