ကယား(ကရင်နီ)ပြည်တွင်
သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်စေမည့် ဖားဆောင်းမြို့က သတ္တုတွင်းသစ် ၁၆
ခုတူးဖေါ်နေသည့် စီမံကိန်းများရပ်စဲထားရန် မိုလိုအမျိုးသမီးအဖွဲ့ MWMWN
နှင့် ကရင်နီလူမှုအခြေပြု အဖွဲ့ အစည်းကွန်ယက် KCSN တို့ပူးတွဲပြီး
ကန့်ကွက်ထားသည်။
ကရင်နီပြည်သည် သဘာဝသယံဇာတ ပေါများကြွယ်ဝသော်လည်း ဒေသခံပြည်သူလူထုများ အကျိုးခံစားမှု မရရှိသည့်အပြင် သတ္တုတူးဖေါ်ရေးစီမံကန်းများနှင့် ဆက်နွယ်ပြီး မြေယာသိမ်းဆည်းမှုနှင့် သဘာဝပါတ်ဝန်း ကျင်ပျက်ဆီးမှုများကြောင့် လူထုတို့၏စိုက်ပျိုးမြေများ၊ တောတောင်များ၊ မြစ်ချောင်းများ၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများနှင့် ကျေးရွာများကို ပျက်စီးပျောက်ဆုံးစေသည်ဟု ယနေ့ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။
“အသစ်လျောက်ထားတဲ့ကုမ္ပဏီ ၁၆ ခု အပါအ၀င် နောက်ပြီးတော့ ဦးထွန်းကျော်နဲ့ သြစတေးလျနိုင်ငံကုမ္မဏီ တစ်ခုကနေ လုပ်ဆောင်မယ့် ဧကတသိန်းကိစ္စတွေ၊ အဲဒီစီမံကိန်းအသစ်တွေကိုရပ်တန့်ပေးဖို့ ကန့်ကွက် တောင်း ဆိုရခြင်း ဖြစ်တယ်” ဟု KCSN ပြောခွင့်ရ ခူးမီရယ်က ပြောသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် မြန်မာအစိုးရသည် ၂၀၁၂ခုနှစ် မတ်လ၌ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ဖားဆောင်းမြို့နယ်တဝိုက်တွင် မိုဆာခီး၊ သြစတေးလျ၊ နန်းရည်မွန် အောင်နှင့် ရတနာစိုင်းကောင်းမြတ်ကျော် ကုမ္ဗဏီများမှ သတ္တုတွင်းသစ် ၁၆ ခုကို အစိုးရတရားဝင်ခွင့်ပြု ချက်ဖြင့် ဆောက်လုပ်နေခြင်းဖြစ် သည်ဟု သိရသည်။
“ဒီသတ္တုတွင်းလုပ်ငန်းကို ကျနော်တို့လုံးဝကန့်ကွက်တာမဟုတ်ဘူး ဒါပေမယ့် လုပ်ချင်တယ်ဆိုရင် ဒီဒေသခံ လူထုတွေနဲ့ ဒီလုပ်ဆောင်မယ့်ကိစ္စ အကြောင်းအရာတွေအားလုံးကို ကြေကြေညက်ညက် တွေ့ဆုံဆွေး နွေးပြီးမှ ဒေသခံလူထုတွေ့ရဲ့ သဘောတူညီချက်အပေါ်မှာ လုပ်ဆောင်သွားစေချင်တဲ့ အနေအထားမှာလုပ် ဆောင်ဖို့ တောင်းဆိုချင်တာဖြစ်တယ်” ဟု ခူးမီရယ်က ပြောသည်။
မော်ချီးဒေသတွင် ဗြိတိသျှအစိုးရလက်ထက်ကတည်းက အမှတ်-၁ သတ္တုတွင်းနဲ့ အမှတ်-၂ သတ္တုတွင်း စတင်လုပ်ကိုင်ခဲ့ရာ မကြာခဏမြေပြို၍ လူအသေအပြောက်ရှိပြီး အန္တရာယ်ရှိသည့် ဒေသဖြစ်သည်။
“အမှန်ဆိုအလွန်အန္တရာယ်ကြီးတဲ့နေရာ၊ မြေပြိုကျနေတယ်၊ လူတွေလည်း မနေသင့်ဘူး၊ ဒါပေမဲ့သူတို့ နေတာပဲ၊ ရွေ့ပြောင်း ဖို့နေရာဝေးတယ်၊ရေလည်းဝေးတယ်" ဟု မော်ချီးဒေသခံ အမျိုးသမီး ဒေါ်အာခူက ပြောသည်။
ပြင်ဆင်ရေးဆွဲမည့် ဖွံ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲတွင် တိုင်းရင်းသားဒေသတွင်းရှိသည့် သယံဇာတ အရင်းအမြစ်များကို ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်မရှိလာမချင်း လက်ရှိသတ္တုစီမံကိန်းလုပ်ငန်းများ ရပ်စဲထားရန် မိုလိုအမျိုးသမီးသတ္တုတွင်း စောင့်ကြည့်ရေးကွန်ယက် MWMWN နှင့် KCSNတို့၏ ကြေညာချက်ထဲတွင် တောင်းဆိုထားသည်။
သောကြာနေ့၊ အောက်တိုဘာလ 04 ရက် 2013 ခုနှစ် ကန္တာရ၀တီတိုင်း(မ်) သတင်း - ကန္တာရ၀တီတိုင်း(မ်)

0 စာဖတ်သူတို့စကားများ:
Post a Comment