Sometimes silence is a really good answer.

စင်ကာပူတွင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံမည်ဟု ထရမ့် အတည်ပြု ကြေညာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမည့် နေရာအဖြစ် စင်ကာပူ နိုင်ငံကို ရွေးချယ်လိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု ကြေညာခဲ့သည်။
အတိတ်တွင် ဆက်ဆံရေး ဆိုးရွား ခါးသီးခဲ့သည့် နိုင်ငံနှစ်ခု၏ ခေါင်းဆောင်များ တရားဝင် တွေ့ဆုံမှုသည် ဇွန်လ ၁၂ ရက်တွင် အထမြောက်မည်ဟုလည်း Twitterပေါ်တွင် ထရမ့်က ရေးသားထားသည်။ အဆိုပါ တွေ့ဆုံပွဲ ဖြစ်မြောက်စေရေးအတွက် နှစ်နိုင်ငံ အစိုးရ အရာရှိများနှင့် တောင်ကိုရီးယား၊ တရုတ်တို့မှ အစိုးရ ကိုယ်စားလှယ်များကြား လနှင့်ချီ အချိန်ယူ ညှိနှိုင်းခဲ့ရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွမ်ပီယို၏ ပြုံယမ်းခရီးစဉ် အပြီးတွင်မူ ထရမ့်က ကင်မ်နှင့် တွေ့ဆုံမည့် အချိန်နှင့် နေရာကို တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“ကျုပ်တို့ နှစ်ယောက်စလုံးက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အရမ်းထူးကဲတဲ့ အခိုက်အတန့် တစ်ခုကို အတူပူးပေါင်း ဖန်တီးနိုင်ဖို့ ကြိုးစားသွားမှာပါ”ဟုလည်း ထရမ့်က Twitterပေါ်တွင် မှတ်ချက် ပေးခဲ့သည်။
ကင်မ်နှင့် ထရမ့်တို့သည် ယခင်က ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် စကားများ၊ ကျိန်ဆဲမှုများ အပြန်အလှန် ပြောဆိုခဲ့ကြဖူးသည်။ ၎င်းတို့ တွေ့ဆုံချိန်တွင် ကိုရီးယား ကျွန်းဆွယ်၌ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကိစ္စများကို အဓိကထား ဆွေးနွေးရန် ရည်ရွယ်ထားသည်။
မြောက်ကိုရီးယားက ဖမ်းဆီးထိန်းသိမ်းထားသည့် အမေရိကန် နိုင်ငံသား သုံးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ထရမ့်ကိုယ်တိုင် ၎င်းတို့ကို ကြိုဆိုခဲ့သည့် ဖြစ်ရပ်အပြီး နာရီပိုင်း အကြာတွင် ထရမ့်က ကင်မ်နှင့်တွေ့မည့် အချိန်၊ နေရာများကို အတည်ပြု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခင်က မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦးနှင့် အမေရိကန်၏ အာဏာရ သမ္မတ တစ်ဦးတို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုမျိုး သမိုင်းတလျှောက်တွင် လုံးဝ မရှိခဲ့ဖူးသေးချေ။
Ref: Reuters 

Fri, 2018-05-11 10:41
Issue No.

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!