အညာမှာ သကြားတွေ ချိုနေပြီဗျ။ ကျွန်တော် အညာမှာပဲ နေချင်တော့တယ်ဗျာ။ ကျွန်တော်က အချိုကြိုက်တယ်လေ။ ကျွန်တော့်ချစ်သူကလဲ ပြောထားတယ်---အညာမှာ သကြားတွေချိုရင် မောင်ကြီးကို ချစ်ပါ့မယ်---တဲ့။
ကျွန်တော် အညာကို ပြန်ရောက်လို့ သကြားတွေ ချိုနေပြီဆိုတာ သိသိချင်း ချစ်သူရှိတဲ့ အောက်ပြည်ရဲ့ တစ်နေရာကို သေချာစုံစမ်း မမောတမ်းလေး ပြေးသွားခဲ့တာပေါ့။ အိမ်လိပ်စာ တိုက်နံပါတ် မမှတ်မိတာမို့ ရုံးသို့တစ်ခါ လိုက်ရပြန်ပါရောလား။ ဒီကြားထဲ ချစ်သူ ယုံအောင်ပြဖို့ရာသယ်လာတဲ့ အညာသကြား ငါးဆယ်သားက ဘတ်စ်ကားနောက် ကောက်ကောက်ပါအောင်လိုက်သွားလို့ ဆို့နေတဲ့အမောလဲ ဟဲဟော ဟဲဟော နဲ့ဗျာ။ သကြားချိုတာ သက်သေသာမထူနိုင်ရင် နင် ဒီဘ၀ ချစ်ခံရမှာ မဟုတ်တော့ဘူး....လို့ ကိုယ့်ကိုယ်ကိုယ် သတိပေး ဘေးဘီကိုလဲ ၀ဲကြည့်ရင်းနဲ့ ချစ်သူရှိရာဆီ ကြွချီခဲ့ရတာ ရင်တထိတ်ထိတ်နဲ့ပါပဲ။ ကဲ အချစ်က ဘယ်လောက်ချိုတဲ့ ပျားသကာလဲဗျာ ... လမ်းဘေးမှာ တွေ့လိုက်ရပါပြီ သကြားထုပ်တွေရှေ့မှာပုံလို့ အတော်စုံတဲ့ ကုန်စုံဆိုင် ဟောင်းနွမ်းနွမ်းလေး။ ဘယ်လောက်လဲ မမေး ဘာဈေးမှလဲ မဆစ် ပြန်ပစ်ပေးလိုက်တဲ့ အမ်းငွေကိုကောက် တောက်လျောက်လစ်ထွက်လာလိုက်တာ ချစ်ပီတိတွေ တဖွားဖွားနဲ့။ အလဲ့ ရုံးရဲ့ရှေ့အရောက်မှာ ပါလာတဲ့ တစ်ရှုးနဲ့ နဖူးကချွေး ကမန်းကတန်းလေးသုပ်ပြီး ချစ်သူကိုခေါ်တွေ့လိုက်ပါပြီ။ သီကုံးနှုံးဖွဲ့မှုမှာ အချစ်ကသာဆရာဆိုတော့ ကဗျာ အလင်္ကာ ရှိတာအကုန်ထုတ်ပြီး သကြားအဟုတ်ချိုနေပြီဆိုတဲ့အကြောင်း မီးမောင်းထိုးပြနေမိတာများ ဟိုလို ဒီလို အဲ့ဒီလိုတွေနဲ့ကို ရှုပ်ယှက်ခတ်လို့။ မခို့တရို့အကြည့်လေးက ချစ်သူဆီက လျပ်ပြက်သလို လက်ခနဲထွက်လာပြီး ငြီးမေးလေး မေးပါတယ် --- ဟဲ့ နင့်ဟာ မဟုတ်သေးဘူးလေ သကြားက ချိုပြီးသား တကယ်ဆို ချိုနေပြီလို့ ပြောမယ့်အစား ငန်သွားကုန်တာ ဖြစ်ရမှာလေ ... ဟုတ်တယ်မလား...တဲ့။ ဟုတ်ကဲ့ ဆိုတဲ့စကားထက် ခေါင်းညိတ်လျက်သားဖြစ်နေတာက သူ့ကိုချစ်တဲ့နေ့ကစပြီး ပုတ်သင်ကျင့်ကြီး ဖြစ်နေခဲ့တာပါ။ ဘာတွေညာတွေ စဉ်းစားဖို့ဆိုတာ သူ့ရှေ့ရောက်တာနဲ့ ဥုံးနှောက်မှာမရှိတော့ဘူး။ ၀ူးးးးးးဆို သက်ပြင်းတိုတစ်ချက် ပြောစကားတွေအတွက် ချတဲ့ပြီး သကြားထုပ်ကြီးကို ချစ်သူလက်ခုပ်ထဲထည့်အပေး စကားလေးလဲ ပြောလိုက်သေးတယ် --- မယုံမရှိနဲ့ မြည်းကြည့်လိုက်အုံး---။ လက်မခံချင်သေးတဲ့ ချစ်သူလေးက အထုပ်ကိုဖြဲဟပြီး သကြားအနည်းငယ် ဆွဲချမြည်းကြည့်လိုက်တော့ --- အဲတော့ အညာသကြားတွေ တကယ်ငန်သွားပြီ...လို့ ၀န်ခံလိုက်သဗျ။ ညနေခင်း ရုံးအဆင်းမှာ လေညင်းခံရင်း အတူတွဲလျှောက်လာတဲ့ ချစ်သူနှစ်ယောက် "ချစ်တယ် ချစ်တယ်" နဲ့ ချစ်တေးဆိုနေလိုက်ကြတာ...ကဲ... ပြောရအုံးမယ် အဲဒီအထဲမှာ အညာအကြောင်း တစ်စေ့တစ်စောင်းလဲ ပါရဲ့။
(ပျို့မောင်ကြီး ခံစားသည် ည ၂ နာရီ/ဒီဇင်ဘာ 23/2010)
foreverfriends.ning.com မှာ တင်ခဲ့တာလေးပါ။ ချို မချို မြည်းကြည့်ပေးပါနော်။ ငန်နေတယ်ဆိုရင်လဲ ကျွန်တော် ပျော်နေမှာပါပဲ။ အိပ်မရတဲ့ ညတွေအတွက်ပေါ့ဗျာ။
0 စာဖတ်သူတို့စကားများ:
Post a Comment