မြန်မာသင်္ဘောသားများ ပြည်ပနိုင်ငံများသို့ ရောက်ရှိစဉ် နေရစ်ခဲ့ခြင်းများမှာ အရာရှိအဆင့် (Officer Level) မဟုတ်သည့် အခြားအဆင့် (Other rank ) သင်္ဘောသားများသာ အများဆုံး ပြုလုပ်ကြကြောင်း သင်္ဘောကုမ္ပဏီများနှင့် သင်္ဘောသား အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ပြုလုပ်သည့် အခြားအဆင့် သင်္ဘောသားများတွင် ပထမဆုံး သင်္ဘောတက်သည့် လူသစ်သင်္ဘောသားများမှာ အများဆုံးဖြစ်ကြောင်းအား "သင်္ဘောစတက်တဲ့ လူ သစ်တွေဆိုရင်တော့ ဒီလိုမျိုးတွေ အများဆုံး လုပ်လေ့ရှိကြတယ်။ ဒါကြောင့်မို့ သင်္ဘောကုမ္ပဏီတွေအနေနဲ့လည်း လူသစ်သင်္ဘောသားဆိုရင် သင်္ဘောတင်ပေးဖို့ စဉ်းစားကြတာပေါ့။ အရာရှိအဆင့်ဆိုရင်တော့ ဒီလိုမျိုးတွေ မလုပ်ကြသလောက်ကို နည်းပါတယ်" ဟု SB Maritime သင်္ဘောကုမ္ပဏီမှ ကပ္ပတိန်ဦးသတိုးကျော်က ပြောပြခဲ့သည်။
သင်္ဘောသားလောကတွင် အရာရှိတစ်ယောက်ဖြစ်ရန် ပင်လယ်ပြင် လုပ်သက်ရယူရခြင်း၊ အချိန်နှင့် ငွေအားရင်းနှီး၍ အပင်ပန်းခံကြိုးစားပြီးမှသာ စာမေးပွဲဖြေဆိုရပြီး အရာရှိအဆင့်သို့ ရောက်ရှိခဲ့ပါကလည်း ရရှိသည့်လစာမှာ အခြားအဆင့် သင်္ဘောသားများနှင့် ကွာခြားခြင်းကြောင့် ယင်းကဲ့သို့ ပြည်ပနိုင်ငံများတွင် နေရစ်ခဲ့မှုများမှာ အရာရှိအဆင့်တွင် မရှိသလောက်နည်းပါး ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က ဂျပန်နိုင်ငံသည် မြန်မာသင်္ဘောသားများသာမက သင်တန်းဖြင့် သွားရောက်သူများပါ အများဆုံးနေရစ်ခဲ့သည့် နိုင်ငံတစ်ခု အဖြစ်ရှိခဲ့သည်။ သို့သော် ယခုအချိန်တွင် ဂျပန်နိုင်ငံ၏ နိုင်ငံခြားသား အလုပ်အကိုင်များအတွက် ပြည်ဝင်ခွင့်ဆိုင်ရာ ခိုင်မာသောမူဝါဒများ မရှိတော့သည့်အတွက် ဂျပန်နိုင်ငံတွင် နေရစ်ခဲ့မှုများ မရှိသလောက် နည်းပါးသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
သို့သော်ယခုချိန်တွင် မြန်မာသင်္ဘောသားများ နေရစ်ခဲ့သည့် ပြည်ပနိုင်ငံအချို့ ရှိနေဆဲဖြစ်သည့် အတွက် သင်္ဘောကုမ္ပဏီများမှ ယင်း နိုင်ငံများသို့ ရောက်ရှိမည့် သင်္ဘောပေါ်သို့ သင်္ဘောသားများ စေလွှတ်ရာတွင် ကန့်သတ်ချက်များ၊ အာမခံ ထားရှိစေမှုများ ပြုလုပ်ကြောင်း သိရှိရသည်။
"သင်္ဘောကုမ္ပဏီ တချို့ဆို အမေရိကားဘက်ကို သွားမယ့်သင်္ဘောကို သင်္ဘောသားလူပျိုဆို မတင်ပေးဘူး။ အိမ်ထောင်ရှိတဲ့အပြင် ကလေးပါရှိတဲ့သူဖြစ်မှ သွားခိုင်းတယ်။ ပြီးရင်လည်း အိမ်ဂရမ်စာချုပ်ကို အပေါင်သဘောမျိုး ယူထားတာတို့၊ အမေရိကားမှာ ခုန်ဆင်းသွားရင် ဘယ်နှသိန်းလျော်ပေးရမယ်ဆိုပြီး စာချုပ်မှာ လက်မှတ်ထိုးခိုင်းတာတွေ ရှိတယ်" ဟု နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောကြီးများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ၀ါရင့်သင်္ဘော ကပ္ပတိန် တစ်ဦးက ပြောပြခဲ့သည်။
မူရင်း http://www.news-eleven.com/index.php?option=com_content&view=article&id=7628:2011-03-17-04-12-26&catid=42:2009-11-10-07-36-59&Itemid=112

0 စာဖတ်သူတို့စကားများ:
Post a Comment