အိန္ဒိယပြတ်ရွှေ့ကြောင်းကြီး၏ အာရှတိုက်သို့ ဆက်လက် တိုးဝင်နေမှုကြောင့် မြန်မာနိုင်ငံသည် ငလျင်ဘေးအန္တရယ်ကို သတိပြုရန်လိုကြောင်း မြန်မာဘူမိသိပ္ပံအသင်းဥက္ကဌ ဦးဝင်းဆွေက ပြောကြားခဲ့သည်။ ဘူမိပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အိန္ဒိယတိုက်ကြီးသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၉၀ နီးပါးက ကမ္ဘာ့တောင်ဘက်ခြမ်းတွင် တည်ရှိနေကြာင်း၊ သို့သော် အဆိုပါ ပြတ်ရွှေ့ကြောင်းကြီးသည် တဖြည်းဖြည်း မြောက်ဘက်သို့ ရွှေ့လျား လာပြီးနောက် အာရှတိုက်နှင့်ထိမိကာ ဆက်လက် တိုးဝင်မှုများ ဖြစ်ပေါ်လျက်ရှိရာ မြန်မာနိုင်ငံတွင် ငလျင်ကြီးများ လှုပ်ရှားမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ''ငလျင်ဆိုတာ မြေကြီးပြတ်ရွှေ့ကြောင်းတွေ ဆက်စပ်တဲ့ နေရာတွေမှာ အများအားဖြင့် လှုပ်တတ်ပါတယ်။ အိန္ဒိယပြတ်ရွှေ့ကြောင်းကြီးက တောင်ကနေမြောက်ဘက်ကို တဖြည်းဖြည်း ရွှေ့လာပြီး အာရှတိုက်ကို ၀င်တိုက်ပါတယ်။အဲဒီ ၀င်တိုက်မှု အရှိန်ကြောင့် ဟိမ၀န္တာတောင်တန်းကြီး ဖြစ်ပေါ်လာပါတယ်။ အဲဒါရဲ့ အစွယ်အပွားက ဒီဘက်အထိ ရောက်လာတာ ဖြစ်ပါတယ်။ အိန္ဒိယတိုက်က စစ်ကိုင်း Plate ကို ဆက်လက်တိုးဝင်နေဆဲဖြစ်လို့ မြန်မာနိုင်ငံမှာ ငလျင်ဘေးအန္တရာယ်ကို သတိရှိဖို့ လိုပါတယ်။ မတ်လ ၂၄ ရက်နေ့ ည ၈ နာရီဝန်းကျင်က လှုပ်ခေတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကလည်း ဒီဆက်စပ် ဖြစ်စဉ်တွေကြောင့် ဖြစ်ပေါ်လာတဲ့သဘော ရှိပါတယ်။ ဒီဖြစ်စဉ်တွေကို အသင်းတာဝန်ရှိသူတွေ ဆက်လက် လေ့လာသွားဖို့ ရှိပါတယ်။ လိုအပ်ရင် ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်သွားဖို့လည်း ရှိပါတယ်''ဟု မြန်မာဘူမိသိပ္ပံအသင်းဥက္ကဌ ဦးဝင်းဆွေ က ပြောကြားခဲ့သည်။ ဆက်လက်၍ ၎င်းက''ရှမ်းပြည်နယ်တစ်ဝိုက်မှာ အရင်တုန်းကလည်း အင်အားပြင်း ငလျင်ကြီးတွေ လှုပ်ခတ်ခဲ့ဘူးပါတယ်။ နောက်ပိုင်း မလှုပ်တာ တော်တော်ကြာသွားပြီ ဖြစ်ပါတယ်။ငလျင်ဆိုတာ လှုပ်လေ့ရှိတဲ့နေရာတွေမှာ တစ်နေ့နေ့မှာ ပြန် ကိုလှုပ်ပါတယ်။မလှုပ်တာ ကြာသွားတာမျိုးပဲ ရှိပါတယ်။ငလျင်ကြောရှိတဲ့ နေရာတွေမှာ အင်အားပြင်း ငလျင်ကြီးတွေ လှုပ်ပြီးပြီဆိုရင် နောက်ဆက်တွဲ ငလျင်ငယ်တွေက ဆက်လက် ဖြစ်ပေါ်လေ့ ရှိပါတယ်''ဟု ပြောကြားခဲ့သည်။ မြောက်ဘက်သို့ ရွှေ့လျားနေသည့် အိန္ဒိယမြေထုချပ်သည် မြန်မာမြေထုချပ်အောက်သို့ ပျမ်းပျခြင်း တစ်နှစ်လျှင် ၄.၆ စင်တီမီတာနှုန်းဖြင့် ဆက်လက် ၀င်ရောက်နေမှုက ကပ္ပလီပင်လယ်ပြင်ရှိ ဖြန့်ကျက်ဗဟို(Spreading Centre တစ်ခုမှ ပျမ်းမျှခြင်း တစ်နှစ်လျှင် ၂.၅ စင်တီမီတာနှုန်းဖြင့် မြန်မာမြေထုချပ်အောက်သို့ ရွှေ့လျားနေမှုကြောင့် ယခုကဲ့သို့ ငလျင်များ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ အိန္ဒိယမြေထုချပ် ရွှေ့လျားမှုကြောင့် အနောက်ဘက် တွန့်ခေါက် တောင်တန်းကြီးများ ရပ်ဝန်းတစ်လျှောက် လျှောတင်ပြတ်ရွှေ့ကြီးများ ဖြစ်ပေါ်လာခဲ့ပြီး ကပ္ပလီပင်လယ်ပြင်ရှိ ဖြန့်ကြက်ဗဟိုရွှေ့လျားမှုကြောင့် စစ်ကိုင်းပြတ်ရွှေ့နှင့်တကွ ဆက်စပ် ဖြစ်ပေါ်သော ပြတ်ရွှေ့များ ဖြစ်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံ ငလျင်ဇုန်များပြ မြေပုံအရ ငလျင်ပြင်းထန်ဇုန်တွင် ကျရောက်နေသောမြို့ကြီးများမှာ တောင်ငူ၊ တောင်တွင်းကြီး၊ ပုဂံ-ညောင်ဦး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ရွှေဘို၊ ၀မ်းသို၊ ခန္တီး၊ ဟားခါး၊ မြစ်ကြီးနား၊ တောင်ကြီးနှင့် ကွမ်းလုံ တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံရှိ အဓိက ပြတ်ရွှေ့ရှင်ကြီး (Major Active Fault) တစ်ခုဖြစ်သည့် စစ်ကိုင်းပြတ်ရွှေ့၏ ငလျင် ဖြစ်နိုင်ချေကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်မည့် GPS ငလျင်တိုင်းတာမှု စနစ်များကို မြန်မာနိုင်ငံရှိ နေရာအချို့တွင် တပ်ဆင်ကာ လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
|
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment