မိဘများက သားသမီးငယ်များအား အနီးကပ်အချိန်ပေးနိုင်မှု နည်းလာခြင်းမှာ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာအား ထိခိုက်စေသည်ဟုဆို
မိဘများကမိမိတို့ သားသမီးငယ်များအား နေ့စဉ်ဘ၀များထဲတွင် အနီးကပ်အချိန်ပေးစောင့်ရှောက်မှု နည်းလာခြင်းမှာ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာအား အဓိကထိခိုက်မှု ဖြစ်စေနိုင်သည်ဟု စိတ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူအချို့က ရှုမြင်ကြပါသည်။
ယင်းသို့ဖြစ်ရသည့် အခြေခံအကြောင်းရင်းများမှာ နေ့စဉ်မိသားစု သုံးစွဲနေရသည့် ၀င်ငွေလုံလောက်စွာ ရရှိစေရန် မိဘနှစ်ဦးစလုံးမှာ လုပ်ငန်းခွင်အသီးသီးသို့ အချိန်ကြာမြင့်စွာ သားသမီးငယ်များနှင့် ခွဲကာဝင်ရောက်နေရခြင်း၊ သားသမီးငယ်များနှင့် အနီးကပ်နေထိုင်ခွင့် လျော့နည်းလာခြင်းများကြောင့် ထိုကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာပြဿနာများ ဖြစ်လာစေခဲ့သည်ဟု ပန်းလှိုင်နိုင်ငံတကာဆေးရုံကြီးမှ Child Psychologist Dr. Sjoukje W.Zijlstra က ပြောကြား ခဲ့ပါသည်။
"မိဘတွေက မိမိသားသမီး ငယ်တွေကို ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ်တွေပေးရအောင် လခနည်းနည်းပေးရတဲ့ သာမန်ကျောင်းတွေမှာ မထားကြဘူး။ နိုင်ငံတကာကျောင်းတွေမှာ လခအများကြီးပေးပြီး ထားလာကြတယ်။ ဒါကြောင့် သူတို့ရဲ့ ၀င်ငွေကိုလည်း ပိုမိုမြင့်မားအောင် တစ်ဖက်ကရှာကြရတယ်။ ကလေးငယ်တွေအပေါ်မှာ မိဘနှစ်ဦးလုံးအနေ နဲ့ အနီးကပ်စောင့်ရှောက်မှု အချိန်တစ်ခု မပေးနိုင်ရင် ကလေးငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်လာ ရနိုင်ပါတယ်"ဟု ၎င်းကဆက်လက် ပြောကြားခဲ့ပါသည်။
ဝင်ငွေလုံလောက်စွာ ရရှိစေရန် မိဘနှစ်ဦးစလုံးမှာ လုပ်ငန်းခွင်အသီးသီးသို့ အချိန်ကြာမြင့်စွာ သားသမီးငယ်များနှင့် ခွဲကာဝင်ရောက် . . .
ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ မူမမှန်သည့်ဖြစ်ရပ်များ ခံစားရသည့် အခြေအနေများတွင်လည်း အများစုမှာ ထိုကဲ့သို့မိသားစုများမှ ဖြစ်ကြကြောင်း သိရှိရပါသည်။
"မိဘတွေကို ပြောချင်တာကတော့ ကလေးတွေအတွက် ဘယ်လောက်ပဲ အလုပ်များများ သတ်သတ်မှတ်မှတ် အချိန်တစ်ခုပေးပါ။ ပြီးတော့ မိသားစု နေ့လေးတွေထားပေးပါ။ သာမန် ပိတ်ရက်တွေမှာ ကလေးတွေအတွက် အချိန်ပေးပြီးသူတို့သွားချင်တဲ့နေရာ လေးတွေဆီပို့ပေးပါ။ ဒါမှကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေလည်း ရင့်သန်လာကြမယ်။ စိတ်ပိုင်းဆိုင် ရာတွေမှာလည်းဖွံ့ဖြိုးမှုအားကောင်း လာမယ်"ဟု နယ်သာလန်နိုင်ငံ၌ Child Psychologist ပညာရပ်လေ့လာထားသူ သုတေသီက ပြောပြခဲ့ပါသည်။
ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံအများစုနှင့် အီးယူနိုင်ငံများ၌ အခြေခံပညာ သင်ယူနေကြသည့် ကျောင်းသား အရွယ်တိုင်းအား ကျောင်းများတွင်ပင် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးစေရန် အစီအစဉ်များထားရှိခြင်းနှင့် အခမဲ့ဆေး ကုသစရိတ်များ ထားရှိခြင်းများလည်း ရှိကြသည်ဟု ၎င်း၏အတွေ့အကြုံများ အရ ပြန်လည်ပြောပြခဲ့ပါသည်။
ထို့ပြင် ပြည်ပနိုင်ငံများ၌ ရောက်ရှိနေကြသည့် မြန်မာမိသားစုဝင်များ၏ ကလေးငယ်များအား အိမ်အကူများ ဖြင့်ထားရှိချိန်မှာ မိဘများနှင့်နေထိုင်ချိန်များထက် ပိုမိုကြာမြင့်နေခြင်းများကြောင့် ကလေးငယ်များမှာ တစ်ကိုယ် ကောင်းစိတ်ဆန်ကာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်လာခဲ့ရသည်။ထို့အပြင် ပတ်ဝန်းကျင်နှင့် ကင်းကွာလာကာ ပြောဆိုဆက်ဆံသည့်အခါ မူမမှန်လာသည့် ဖြစ်ရပ်များကြောင့် ပြည်ပနိုင်ငံများရှိ Child Psychologist များနှင့် တိုင်ပင် ဆွေးနွေးခဲ့ရသည်အထိ ရှိခဲ့ကြောင်း ယင်းဖြစ်စဉ်နှင့်နီးစပ်သူ တစ်ဦးက ပြန်လည်ပြောပြခဲ့ပါသည်။
"မိဘတွေက ကလေးတွေငြိမ်အောင် ဆိုပြီး ပါဝါရိန်းဂျားအခွေ၊ စူပါမန်းတို့၊ စမတ်ဒေါင်း အစီအစဉ် တွေကိုပြတာ၊ ဂိမ်းတွေဆော့ကစားစေ တာမျိုး မလုပ်သင့်ပါဘူး။ နုနယ်တဲ့ အရွယ်မှာ ဒါတွေကိုပြတာဟာ ကလေးတွေရဲ့စိတ်ကို ကြမ်းတမ်း သွားစေနိုင်ပါတယ်။ ကျွန်တော်တို့မူကြိုတွေမှာ ကလေးတွေကို ဒီလိုအခွေမျိုးမပြဖို့ လည်း တားမြစ်ထားပါတယ်"ဟု ရင်သွေးပန်းခင်းမှ ဆရာဦးလှမင်း က ပြောကြားခဲ့ပါသည်။
မူရင်းhttp://www.news-eleven.com/index.php?option=com_content&view=article&id=7708:2011-03-23-09-18-08&catid=42:2009-11-10-07-36-59&Itemid=112

0 Comments:
Post a Comment