မြန်မာနိုင်ငံ၌ ဖြစ်တောင့်ဖြစ်ခဲ ရာသီဥတု အနေအထားတစ်ရပ် အဖြစ် မိုးတွင်းကာလကဲ့သို့ ရက်ဆက်မိုး ရွာသွန်းခြင်းကို မတ်လ ဒုတိယပတ် နှင့် တတိယပတ်အတွင်း ကြုံတွေ့လာရကြောင်း သတင်းရရှိပါသည်။
ယခင်ကမူ နွေရာသီကာလ၌ မိုးရွာသွန်းခြင်းများ ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ မိုးရာသီကာလအတွင်း မိုးရွာသွန်းသည့် ပုံစံမျိုးဖြင့် ရက်ဆက် ရွာသွန်းခြင်း မရှိခဲ့ကြောင်း သိရသည်။
''လာနီညာ ရာသီဥတု ဖြစ်စဉ်ကို မြန်မာနိုင်ငံမှာ အခုစပြီး ခံစားရတယ်လို့ ပြောနိုင်ပါတယ်။ မုန်တိုင်းမိုး မဟုတ်ပါဘူး။ လာနီညာ စတာကြောင့် သက်ရောက်မှု အနေနဲ့ ဒီလိုကြုံရတာပါ။ တစ်နိုင်ငံလုံး မိုးတွင်းဆန်ဆန် မိုးရွာတာကတော့ အရင်က ကြုံဖူးသလားဆို တော်တော်ရှားတယ်လို့ ပြောရပါမယ်''ဟု Myanmar Climate Change Watch(MCCW)မှ ဒေါက်တာထွန်းလွင်က မတ်လ ၁၆ ရက်နေ့က ပြောကြားသည်။
လာနီညာ၏ သဘောသဘာဝမှာ မိုးများခြင်း၊ အေးပြီးစိုစွတ်ခြင်း၊ မုန်တိုင်းများခြင်းတို့ ဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လ ၁၅ ရက်နေ့က မြန်မာနိုင်ငံ၏ မြောက်ဘက်ရှိ လေဖိအားများရပ်ဝန်းသည် ပြန်လည် အားကောင်းလာသည့်အတွက် နွေလေဖိအားနည်း ရပ်ဝန်းသည် တောင်ဘက်အရပ်သို့ ဆုတ်ခွာလျက် ရှိကြောင်း၊ လာနီညာ ရာသီဥတု ဖြစ်စဉ်ကို စတင် ခံစားရ၍ ဒေသအသီးသီး၏ နေ့အပူချိန်များ ကျဆင်းလျက် နွေကာလအတွင်း အအေးပိုသည်ဟု ဆိုနိုင်သော နေ့အပူချိန်များသို့ ရောက်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လတ်တလော၌ မိုးရွာသွန်းမှုကို တစ်နိုင်ငံလုံးနီးပါး အနေအထားဖြင့် တွေ့ကြုံနေရပြီး မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင် နေ့အပူချိန်များ အနေဖြင့် ရန်ကုန်မြို့တွင် ၁၉ ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့တွင် ၂၄ ဒီဂရီစင်တီဂရိတ်၊ မိတ္ထီလာတွင် ၂၄ ဒီဂရီစင်တီဂရိတ်၊ ထားဝယ်တွင် ၂၅ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးတွင် ၁၁ ဒီဂရီစင်တီဂရိတ်၊ ပြင်ဦးလွင်တွင် ၁၅ ဒီဂရီစင်တီဂရိတ်၊ မိုးကုတ်တွင် ၁၆ ဒီဂရီစင်တီဂရိတ်၊ လားရှိုးတွင် ၁၇ ဒီဂရီစင်တီဂရိတ်၊ ပုသိမ်တွင် ၁၈ ဒီဂရီစင်တီဂရိတ်တို့ အသီးသီး ရှိကြောင်း freemeteo.com ၌ ဖော်ပြထားသည်။
ပူပြင်းခြောက်သွေ့သော ရာသီဥတုမှ ပြောင်းလဲမှု ဖြစ်ပေါ်ကာ မိုးရွာသွန်းခြင်းများကို ဒေသအများစု၌ မတ်လ ဒုတိယပတ်တွင် စတင် ကြုံတွေ့ရခြင်း ဖြစ်ပြီး လာမည့် မတ်လ ၁၈ ရက်နေ့ ၀န်းကျင်အထိ ယင်းအနေအထားတွင် ရှိနိုင်မည် ဖြစ်ကြောင်း MCCW က ထုတ်ပြန်ထားသည်။
မူရင်း http://www.news-eleven.com/index.php?option=com_content&view=article&id=7623:2011-03-16-18-28-50&catid=42:2009-11-10-07-36-59&Itemid=112
0 စာဖတ်သူတို့စကားများ:
Post a Comment