အောင်ခိုင်၊ ရဲနောင်
ဒေသပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် ပြည်ပရောက် ရခိုင်တိုင်းရင်းသားများ ပြန်လာရန်လိုအပ်နေပြီဖြစ်ကြာင်း ရခိုင်အမျိုးသားအင်အားစုများကတိုက်တွန်း ပြောကြားသည်။
ပဋိပက္ခအလွန်ဒေသတည် ငြိမ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို ဆောင်ရွက်ရန်လူသား အရင်းအမြစ်များလိုအပ်နေခြင်းကြောင့် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ ပူးပေါင်းပါဝင်ကြရန် ယနေ့ပြုလုပ်သော ထိုင်းနိုင်ငံအခြေစိုက် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် ပြည်တွင်းရှိအင်အားစုများ တွေ့ဆုံဆွေးနွေးပွဲတွင်တိုက်တွန်းပြောကြားခြင်းဖြစ်သည်။
“ပြည်ပရောက် ရခိုင်တွေ ရခိုင်ပြည်ပြန်လာဖို့လိုနေပြီ။ ကျွန်တော်တို့က လူဦးရေပေါက်ဖွားမှုမြင့်တဲ့ နိုင်ငံတွေနဲ့ ထိစပ်နေတာ။ ဒါပေမဲ့ လူငယ်တွေကဒေသမှာ အလုပ်အကိုင်မရှိကြလို့ နိုင်ငံခြားထွက်ကြရတာ။ ကိုယ့်ဆီမှာအလုပ်အကိုင် ဖွံ့ဖြိုးရေးတွေဖန်တီးပေးနိုင်ရင် ဘယ်သူမှ မသွားနိုင်ပါဘူး။ အခုအချိန်မှာတော့ အားလုံးညီညွတ်ဖို့လိုနေပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းကြောင့် ရခိုင်တိုင်းရင်းသားများ ပြည်ပသို့ သွားရောက်ကြခြင်းဖြစ်ပြီးဒေသအတွင်း လူဦးရေ ပေါက်ဖွားမှုမြင့်မားသောလူမျိုးစုများကြောင့်လည်း ရေရှည်တွင် လူမျိုးပျောက်ကွယ်သွားနိုင်သည့် အခြေအနေကြုံတွေ့နိုင်သည်ဟု ရခိုင်အသင်းအဖွဲ့များက ထောက်ပြပြောဆိုသည်။
“ကျွန်မတို့ နေ့တိုင်း ရန်ကုန်က ဘုန်းကြီးကျောင်းတွေမှာ နိုင်ငံခြားထွက်အလုပ်လုပ်မယ့် ရခိုင်လူငယ်တွေ တွေ့နေရတယ်။ ရခိုင်ပြည်နယ်မှာ လူအင်အားအရင်းအမြစ်တွေ ဆုံးရှုံးနေပါတယ်။ သွားချင်သူတွေကို တားလို့မရနိုင်ဘူး။ ပြန်လာချင်အောင်အခွင့်အလမ်းတွေလုပ်ပေးရမယ်” ဟု ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောသည်။
ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) ၏ စစ်တမ်းများအရ ထိုင်းနိုင်ငံတွင် ရခိုင်ရွှေ့ပြောင်းအလုပ်သမားအရေအတွက် နှစ်သိန်းကျော်ရှိပြီး မလေးရှားနိုင်ငံတွင် ရောက်ရှိနေသူများပါ ထည့်တွက်လျှင် နှစ်သိန်းခွဲခန့်ရှိကြောင်း သိရသည်။ ခန့်မှန်းလူဦးရေ ၂ ဒသမ ၆ သန်းကျော်ရှိသော ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး မုန်တိုင်းဒဏ် မကြာခဏခံစားရကာ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေရဆဲဖြစ်သည်။
newszone

0 စာဖတ်သူတို့စကားများ:
Post a Comment