မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမ၀င် မြန်မာအလုပ်သမားများ
နေရပ်ပြန်ခွင့်အတွက် ကောက်ခံသည့် ဒဏ်ကြေးငွေကို မလေးရှား အစိုးရမှ ယခင်ထက်
ငါးဆကျော် တိုးမြှင့်ကောက်ခံ ခဲ့ခြင်းကြောင့် နေရပ်ပြန်လိုသူ
အလုပ်သမားများမှာ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။
မလေးရှားနိုင်ငံ၊ လူဝင်မှု ကြီးကြပ်ရေးဌာန အနေဖြင့် တရားမ၀င် မြန်မာအလုပ်သမားများ နေရပ်ပြန်ခွင့် အတွက် ပေးဆောင်ရသည့် ဒဏ်ကြေးကို ယခင်က ရင်းဂစ် ၄၀၀ (မြန်မာကျပ်ငွေ ၈၀၀၀၀) သာ ကောက်ခံခဲ့သော်လည်း ယခုအခါတွင် ပတ်(စ်)ပို့ရှိသူများကို ရင်းဂစ် ၂၂၀၀၊ ပတ်(စ်)ပို့ မရှိသူများကိုမူ ရင်းဂစ် ၃၀၀၀ အဖြစ် အသီးသီး ပြောင်းလဲသတ်မှတ် ကောက်ခံခဲ့ကြောင်း သိရသည်။
''အလုပ်သမား ၀န်ကြီးဌာန အနေနဲ့ အခုလို ဒဏ်ကြေးတိုးမြှင့် ကောက်ခံတာကို ပြန်လျော့ချပေးဖို့ တောင်းဆိုထားတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံး အနေနဲ့လည်း ဒဏ်ကြေးငွေကို အရင်အတိုင်း ပြန်လည်ကောက်ခံဖို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးနဲ့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ ပြီးရင်တော့ ထုတ်ပြန်ပေးသွားမှာပါ''ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ပြနိုင်ပါက နေရပ်သို့ ပြန်လာနိုင်ကြောင်း၊ နေရပ်သို့ ပြန်လာမည် ဆိုပါက မှတ်ပုံတင်နှင့် မြန်မာနိုင်ငံသား ဖြစ်ကြောင်း တရားဝင် ထောက်ခံချက်များကို ပြန်လည် မှာယူရမည်ဖြစ်ပြီး မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွင် CI လျှောက်ထားရမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
eleven

0 စာဖတ်သူတို့စကားများ:
Post a Comment