ကုန်ကျစရိတ်များ မြင့်တက်လာမှုနှင့် မိသားစုဝင်ငွေ၏ အများစုအား စားဝတ်နေရေးအတွက် အသုံးပြုနေရမှုတို့မှာ အခြေခံလူတန်းစားနှင့် လူလတ်တန်းစားအလွှာတို့ ရင်ဆိုင်နေရသော ပြဿနာတစ်ခုဖြစ် |
ဝင်ငွေနှင့် ထွက်ငွေ မမျှတမှု၊ မိသားစုဝင်ငွေ၏ အစိတ်အပိုင်း အများစုအား စားဝတ်နေရေးအတွက် အသုံးပြုနေရခြင်းမှာ ယနေ့ အခြေခံလူတန်းစားအလွှာတို့ ရင်ဆိုင်နေရသော အဓိက ပြဿနာတစ်ခု ဖြစ်နေကြောင်းနှင့် လူလတ်တန်းစားအလွှာ ကျဆင်းမှုကို ဖြစ်စေကြောင်း စီးပွားရေးပညာရှင်များက ရှုမြင်ကြသည်။ ''မိသားစုတစ်စုဟာ သူတို့ရတဲ့ ၀င်ငွေကို စားဝတ်နေရေးအတွက် ဘယ်လောက်ပြန်သုံးလဲဆိုတဲ့အပေါ် မူတည်ပြီးတော့မှ လူတန်းစားတွေရဲ့ ဘ၀တွေ ကွဲပြားလာတာပါ။ ဥပမာ ၀င်ငွေသုံးသိန်းလောက်ရှိတဲ့ မိသားစုမှာ စားဝတ်နေရေးအတွက် သုံးသိန်း လောက်၊ ဒါမှမဟုတ် နှစ်သိန်းခွဲလောက် သုံးလိုက်ရတယ်ဆိုရင် စုဆောင်းတဲ့ဘက်ကို မရောက်နိုင်တော့ဘူး။ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ လူမှုရေးတွေမှာ သုံးစွဲဖို့ လိုပါသေးတယ်။ ဒါထက်ပိုပြီး ၀င်ငွေနဲ့ထွက်ငွေ မမျှတဘဲ အမြဲလိုနေတဲ့ မိသားစုတွေ ဆိုရင်တော့ အကြွေးသံသရာထဲက မထွက်နိုင်တော့ဘူး။ ပြီးတော့ luxury ကိစ္စတွေဘာတွေလည်း သိပ်မလုပ်နိုင်တော့ဘူး။ ဥပမာ မိသားစုတစ်စုက အနည်းဆုံး ကျပ်ငါးသိန်းကနေ ၁၀ သိန်းလောက် ၀င်တယ် ဆိုရင်တော့ စောစောက ပြောတဲ့ luxury ကိစ္စတွေ ဘာတွေ လုပ်လာနိုင်မယ်''ဟု စီးပွားရေးပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာနေဇင်လတ်က ပြောပြခဲ့သည်။ နိုင်ငံတစ်နိုင်ငံတွင် ယေဘုယျအားဖြင့် လူတန်းစားသုံးမျိုး ပိုင်းခြားသတ်မှတ်လေ့ရှိပြီး အပေါ်လွှာ၊ လူလတ်တန်းစားနှင့် အခြေခံ လူတန်းစား ဟူ၍ ပိုင်းခြားသတ်မှတ်ထားပြီး အခြေခံအားဖြင့် တစ်ဦးချင်းဝင်ငွေ per capita income ပေါ်တွင် မူတည်ပြီး ခွဲခြားထားကာ အခြေခံ လူတန်းစား grass root level အဖြစ် သတ်မှတ်ချက်မှာ တစ်ဦးချင်း တစ်နှစ်ဝင်ငွေအား အမေရိကန်ဒေါ်လာ ၅၀၀ ၀န်းကျင် ဖြစ်ကြောင်းလည်း သိရှိရသည်။ နိုင်ငံတစ်နိုင်ငံရဲ့ grass root level အဖြစ် သတ်မှတ်ဖို့ အနိမ့်ဆုံး ၀င်ငွေကို အမေရိကန်ဒေါ်လာ ၅၀၀ လို့ သတ်မှတ်ထားရင် ၅၀၀ အောက်ရှိတဲ့ပမာဏ ဘယ်လောက်များလဲ ဆိုတဲ့အပေါ်မှာလိုက်ပြီး အခြေခံ လူလတ်တန်းစားအလွှာ ဘယ်လောက်များလဲဆိုတာ ကြည့်ကြတယ်။ သူတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာက စားဝတ်နေရေးနဲ့ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှု၊ ကုန်ကျစရိတ်တွေထဲမှာ တချို့ ကုန်ကျစရိတ်တွေက ချုံ့လို့ရတာရှိတယ်။ တချို့က မရဘူး။ ဥပမာ ဖုန်းခေါ်ဆိုခတွေ တချို့ဆို သိန်းနဲ့ချီပြီး သုံးစွဲလာတာ တွေရှိတယ်။ တချို့ limit ထားပြီး သုံးတာရှိတယ်။ လုပ်ငန်းအတွက် လိုအပ်လို့ သုံးတာမျိုးဆို လက်ခံလို့ရပေမယ့် တချို့က အလွန်အကျွံ သုံးတဲ့သဘော ရှိတယ်။ အဲဒီလူတွေ အနေနဲ့လည်း ကိုယ့်ရဲ့ဝင်ငွေ ဘယ်လောက်ရှိလည်း ဆိုတာ ပြန်သုံးသပ်ဖို့ လိုပါတယ်''ဟု အငြိမ်းစားညွန်ကြားရေးမှူးချုပ် တစ်ဦးက ပြောပြခဲ့သည်။ အလားတူ စားဝတ်နေရေး အတွက် ကုန်ကျမှုများအပြင် ယင်းကဲ့သို့ ဖုန်းသုံးစွဲမှု၊ အင်တာနက်သုံးစွဲမှုနှင့် transportation charges များ မြင့်တက်လာမှုကလည်း နေ့စဉ် လူနေမှုဘ၀များထဲမှ ၀င်ငွေများအား ဖဲ့ယူနေသော အကြောင်းတစ်ခု ဖြစ်ကြောင်းလည်း သိရှိရသည်။ ''၀င်ငွေအပေါ် ခွဲဝေသုံးစွဲနိုင်မှုဟာ self management နဲ့လည်း ဆိုင်ပါတယ်။ ကုန်သင့်ကုန်ထိုက်လို့ ကုန်ကြတာလည်း ရှိတယ်။ မလိုလားအပ်ပဲ ကုန်တာလည်း ရှိတယ်။ ဥမမာ ရန်ကုန်မြို့ပြင်က မြို့ထဲမှာလာပြီး အလုပ်လုပ်တဲ့ ၀န်ထမ်းတစ်ဦးမှာ သူ့ရဲ့ ကားခကတင် တစ်လကို ၃၀၀၀၀ လောက်ကျပါတယ်။ ဖုန်းက ချွေချွေတာတာပြောရင် ကျပ် ၂၀၀၀၀ လောက် ကုန်တယ်ဆိုတော့ ကျပ်ငါးသောင်းလောက် ကုန်ပါတယ်။ တခြား အစားအသောက်စရိတ် မပါသေးဘူး။ တစ်လကို လစာသိန်းနဲ့ ချီပြီး ရပေမယ့် စုဆောင်းတဲ့ဘက်ကို မရောက်တဲ့အတွက် မကျန်းရေး မမာရေးများ ဖြစ်ရင် ဘယ်ပိုက်ဆံနဲ့ ဆေးရုံတက်ရမလဲတွေးပြီး တော်တော် ရင်လေးရပါတယ်''ဟု ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ်မှ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်။ အလားတူ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များမှာလည်း လူတိုင်း ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာ ဖြစ်ပြီး ၀င်ငွေမြင့် မိသားစုများတွင် ထိခိုက်မှု အများအပြား မရှိသော်လည်း ၀င်ငွေအား ကန့်သတ်ခွဲဝေ သုံးစွဲရသော မိသားစုများအတွက် နောက်ထပ် စိန်ခေါ်နေသော ပြသနာတစ်ခု ဖြစ်ကြောင်းလည်း သိရှိရသည်။ ''ပညာရေးနဲ့ ပတ်သက်ရင် ရင်းနှီးမြှုပ်နှံရတာ အရမ်းများပါတယ်။ ဥပမာ မူကြိုကနေ တက္ကသိုလ်အထိ သုံးစွဲရတဲ့ ငွေကြေးအပြင် ဘာသာရပ်ဆိုင်ရာ အထွေထွေ သင်တန်းတွေ အတွက် ကုန်ကျစရိတ်တွေ၊ ဒီသင်တန်းတွေ တက်နေတဲ့အတွက် သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေ ရှိပါသေးတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် ဆိုရင်လည်း ဆေးရုံတစ်ခါတက်ရတဲ့ ကုန်ကျစရိတ်က မသက်သာဘူး။ ဒါကြောင့် တော်တော်တန်တန်ဆိုရင် ရပ်ကွက်က ဆေးခန်းပဲ သွားကြပါတယ်။ စားဝတ်နေရေးအပြင် တခြား ကုန်ကျစရိတ်တွေ တက်လာတာဟာ လူလတ်တန်းစားအလွှာ ပါးလာရတဲ့ အကြောင်းတရားပါ။ များသောအားဖြင့် အိုးပိုင်အိမ်ပိုင် မရှိကြတာဟာလည်း နောက်ထပ် အကြောင်းတရား တစ်ခုပါ။ အထူးသဖြင့် အိမ်ငှားနေတဲ့လူတွေဆို ပိုပြီးတောင် ၀င်ငွေ၊ ထွက်ငွေ မမျှတတဲ့ပြဿနာ ရှိပါတယ်။ တစ်နေ့တစ်နေ့ public transportation အတွက် သုံးရတဲ့ ကုန်ကျစရိတ်တွေ မနည်းပါဘူး''ဟု ရန်ကုန်မြို့ခံ တစ်ဦးကလည်း ပြောပြခဲ့သည်။ တိုင်းပြည်စီးပွားရေးကို ဖော်ဆောင်ရာတွင်လည်း လက်တွေ့ကျသော pragmatic economic policy များ ချမှတ်နိုင်မှုမှာ များစွာအရေးပါကြောင်းနှင့် ခိုင်မာသော master plan များနှင့် စနစ်တကျ လုပ်ကိုင်နိုင်မှသာ ယင်းပြဿနာများအား ဖြေရှင်းနိုင် မည် ဖြစ်ကြောင်း သုံးသပ်ကြသည်။ ''တကယ်တော့ နိုင်ငံတကာမှာလည်း pro-poor Policy ဆိုတာ ရှိပါတယ်။ အဲဒါက ဆင်းရဲတဲ့လူတွေကို အခွင့်အရေးပေးတဲ့ policy ပါ။ အခြေခံလူတန်းစားတွေ သိပ်များနေတဲ့အတွက် ဒီလူတွေကို ဆွဲတင်ဖို့အတွက် ကြည့်ပေးရတာမျိုးပါ။ သူတို့တွေကို ဒီအတိုင်းကြည့်ထားလို့ မရတဲ့အတွက် ပေါ်လစီနဲ့ ဖော်ဆောင်ရတာမျိုးပါ။ အဓိက ရည်ရွယ်ချက်က ဒုက္ခရောက်နေတဲ့ လူတွေကို ပြန်ကြည့်တာ။ သူ့ရဲ့ ဘ၀ရပ်တည်မှု အသက်မွေးဝမ်းကျောင်းကို အတတ်နိုင်ဆုံး ဖော်ဆောင်ပေးရမှာပါ''ဟု Asia Development Research Insitute မှ Mr. Winston Set Aung က ပြောပြခဲ့သည်။ ''တကယ်တော့ လူတန်းစားအလွှာတွေက တစ်ခုနဲ့တစ်ခု အရမ်း ကွာဟလို့ မရဘူး။ ၀င်ငွေပေါ်လိုက်ပြီး အချိုးကျ ထည့်ဝင်သုံးစွဲသွားတာ ဆိုတော့ ၀င်ငွေမြင့်မားရင် သုံးစွဲမှုလည်း မြင့်မားလာတယ်။ သုံးစွဲအား ကျဆင်းလာရင် ဈေးကွက်ထဲမှာ ငွေ ကြေးလည်ပတ်မှုလည်း ကျဆင်းသွားမှာပါ။ ၀င်ငွေနည်းပြီး သုံးစွဲအားများရင်လည်း တစ်ဦးချင်းတွေရဲ့ life မှာ ပြဿနာရှိပါတယ်။ လူတစ်ဦးချင်း ဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ဖြစ် သုံးစွဲသင့်တဲ့ ပမာဏအတွင်းမှာ သုံးစွဲဖို့ လိုပါတယ်''ဟု စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါ်ရီရီမြင့်က ပြောပြခဲ့သည်။ ''per capita income နိမ့်ပြီး ၀င်ငွေ၊ ထွက်ငွေ မမျှတတာဟာ တိုင်းပြည်ရဲ့ အခြေခံလူတန်းစားများစေဖို့ အကြောင်းရင်းတစ်ရပ် ဖြစ်တယ်လို့ မြင်ကြတဲ့အမြင်တွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး UN လိုင်းနဲ့ သတ်မှတ်ထားတာ ရှိပါတယ်။ ဒီလိုင်းရဲ့အောက်ကိုရောက်ရင် အခက်အခဲရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ပြီး ၁၀ နှစ်အတွင်း သတ်မှတ်ချက်တစ်ခုအထိ ရောက်အောင် ဆွဲတင်တာမျိုး ရှိပါတယ်။ ဒါကို ဖော်ဆောင်တဲ့နေရာမှာ အစိုးရတွေက တိုက်ရိုက်လုပ်တာရှိသလို World Bank တို့၊ ADB တို့၊ IMG တို့ရဲ့ပံ့ပိုးမှုနဲ့လုပ်တာလည်း ရှိပါတယ်။ အလုပ်အကိုင်ရဖို့နဲ့ တိုးတက်ဖွံ့ဖြိုးမှုကို ဦးစားပေးပြီး လုပ်ကြတာပါ။ စားသုံးမှုဟာ ထုတ်လုပ်မှုထက် မများဖို့လည်း လိုပါတယ်။ ဒါမှအခြေခံ လူတန်းစားကို လျော့ချနိုင်မှာပါ''ဟု အငြိမ်းစား ပါမောက္ခဒေါ်ရီရီမြင့်က ပြောကြားခဲ့သည်။ ''အာဆီယံနိုင်ငံတွေထဲမှာ ဒီလို နိုင်ငံတွေ ရှိပါတယ်။ စနစ်တကျ အကောင်အထည်ဖော်ဖို့ public ၀န်ဆောင်မှုတွေ ဒီထက်ပိုပြီး ထိရောက်ဖို့ လိုလာပါတယ်။ ဥပမာ ဖုန်းခေါ်ဆိုခတွေ မြင့်တက်လာတာမျိုး၊ အင်တာနက် တပ်ဆင်ခတွေ မြင့်တက်လာလို့ လျော့ချပေးတာမျိုးတွေကို entertainment အစီအစဉ်တွေ အပြိုင်လုပ်တာထက်ပိုပြီး လုပ်ပေးနိုင်ရင် ကုန်ကျစရိတ်ကို အထိုက်အလျောက် လျော့ချနိုင်မှာပါ။ နောက်ဆုံး ခိုင်မာပြီး စနစ်ကျတဲ့ အစီအစဉ်မျိုးတွေနဲ့ စနစ်တကျ ဖော်ဆောင်နိုင်ဖို့ လိုပါတယ်''ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောပြခဲ့သည်။ အလားတူပင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားလာမှုများ ရှိလာပါကလည်း အခြေခံ လူတန်းစားများအတွက် နောက်ထပ် စိန်ခေါ်နေသော အကြောင်းတရားများ ဖြစ်လာနိုင်ကြောင်းနှင့် ငွေဖောင်းပွမှုနှုန်းမြင့်ပါက အရင်းအနှီးရှိသောသူ၊ ပိုင်ဆိုင်မှုရှိသော သူများ၏ လက်ထဲတွင်ရှိသော ကုန်ပစ္စည်းများ၏တန်ဖိုး ပို၍ မြင့်မားလာတတ်ကြောင်း သုံးသပ်ကြသည်။ ''ဒီဘက်ခေတ်ကြီးမှာ ကမ္ဘာကြီးက တိုးတက်လာတယ်။ လုပ်ငန်းကိုင်ငန်း ကောင်းလာတယ်။ ဖုန်းဆိုရင် တော်တော်များများ သုံးနိုင်လာတယ်။ ဒါပေမယ့် ကိုယ်ပိုင်အိမ် မရှိကြတာများတယ်။ မွေးကတည်းက သေတဲ့အထိ အခန်းလေးတစ်ခန်းကို မပိုင်နိုင်ဘဲ သေသွားတာလည်း ရှိတယ်။ အဲဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းထဲမှာ inflation rate ကြောင့်ဖြစ်တာလည်း ပါတယ်။ ငွေကြေးဖောင်းပွမှု မြင့်မားရင် အိမ်ဈေးခြံဈေးတွေ အကုန်လုံး လိုက်တက်တယ်။ ချမ်းသာတဲ့လူ ပိုချမ်း သာသွားတယ်။ ဆင်းရဲတဲ့လူက ပိုဆင်းရဲတယ်။ ဒါကြောင့် အဓိက grass root level ကို ပိုထိတယ်။ ဒါပေမယ့် ငွေကြေးဖောင်းပွမှု မရှိလိုYလည်း မရဘူး။ ငွေကြေးဖောင်းပွမှု လုံးဝမရှိရင် ပြည်ပရင်းနှီးမြှုပ်နှံမှု မလာဘူး။ ပြည်တွင်း လုပ်ငန်းရှင်တွေရော၊ပြည်ပက လုပ်ငန်းရှင်တွေပါ ငွေကြေးဖောင်းပွမှု လှိုင်းလေးစီးမှ အလုပ် ဖြစ်တယ်။ ဖြစ်သင့်တာကတော့ ၅ ရာခိုင်နှုန်းလောက်ပဲ ဖြစ်သင့်ပါတယ်''ဟု ဒေါက်တာ နေဇင်လတ်က ပြောပြခဲ့သည်။ အလားတူပင် ငွေကြေးဖောင်းပွမှုမှာ ဘဏ်တိုးနှုန်းထက် မြင့်နေပါက ငွေကြေးကစားသူ စီးပွားရေးလုပ်ငန်းရှင်များအတွက် ပို၍ အကျိုးရှိကြောင်း ထို့အတွက် inflation rate နှင့်ဘဏ်တိုးနှုန်းမှာလည်း သင့်တင့်မျှတသော အနေအထားတွင်သာ ရှိသင့်ကြောင်း သုံးသပ်ကြသည်။ ''ဘဏ်တိုးနှုန်းကို သင့်တင့်မျှတရင် အောက်ခြေလူတန်းစားရော အပေါ်လူတန်းစားပါ အကျိုးရှိပါတယ်။ inflation နဲ့ ပြန်ချိန်ဖို့တော့ လိုတယ်။ inflation က consumer price index ပေါ်မှာတွက်တာ၊ အဲဒီ consumer price index က ၂၀ ရာခိုင်နှုန်း တက်ပြီဆိုရင် မြေဈေးတွေက ဒါထက် အများကြီး တက်သွားမယ်။ grass root က ဘယ်လိုမှ မလိုက်ဖက်နိုင်တော့ပါဘူး။ ဒါကြောင့် inflation ကို အစိုးရကလည်း ထိန်းပေးရပါတယ်''ဟု ဒေါက်တာနေဇင်လတ်က ပြောပြခဲ့သည်။ |
0 Comments:
Post a Comment