လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ပထမငါးနှစ်စီမံကိန်း၏ ၂၀၁၁ ခုနှစ်တွင် ဆောင်ရွက်သွားမည့် လုပ်ငန်း စီမံချက်များ ထွက်ရှိလာကြောင်း သိရသည်။၂၀၁၁ လုပ်ငန်းစီမံချက်အပြင် ဒုတိယ ငါးနှစ်စီမံကိန်း ၂၀၁၂-၁၆ ကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်းတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစီမံချက်များကို ပြန်လည်သုံးသပ် ကာ ၂၀၁၁ တွင် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များ ချမှတ်၍ ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရသည်။
၂၀၁၁ ခုနှစ်အတွင်းတွင် မြန်မာ -ထိုင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခြင်း၊ အစည်းအဝေးများ ပြုလုပ်ခြင်း၊ မလေးရှားနိုင်ငံသို့လည်း ဦးတည်မှုများ ရှိလာသည့်အတွက် မလေးရှားနိုင်ငံ နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့များတိုးချဲ့ဖွဲ့စည်းခြင်း၊ လူကုန်ကူးမှုအဖြစ်များသည့် ပြည်နယ်နှင့် တိုင်း ဒေသကြီးတို့တွင် အထူးစီမံချက်များဖြင့် အသိပညာပေး ဆောင်ရွက်ခြင်း စသည်ဖြင့် လူကုန်ကူးမှုတိုက်ဖျက် ရေးဆိုင်ရာမူဝါဒနှင့် ပူးပေါင်းဆောင် ရွက်ရေးကဏ္ဍ၊ ကြိုတင်တားဆီး ကာကွယ်ရေးကဏ္ဍ၊ တရားစွဲဆိုရေး ကဏ္ဍ၊ လူကုန်ကူးခြင်းခံရသူများ အား ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍ၊ စွမ်းရည်မြှင့်တင်ရေးကဏ္ဍ ဟူ၍ ကဏ္ဍအလိုက် လုပ်ဆောင်သွားမည့် စီမံချက်များကို ယခင်နှစ်များကထက် ပိုမိုထိရောက်အောင် အကောင်အထည် ဖော်သွားမည်ဟု သိရှိရသည်။
ယင်းအပြင် ဆက်လက်ဆောင်ရွက်သွားမည့် ဒုတိယငါးနှစ် စီမံကိန်း ၂၀၁၂-၂၀၁၆ ကိုလည်း ရေးဆွဲပြဋ္ဌာန်း သွားမည်ဟု သိရှိရသည်။
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နှစ် ကုန်ပိုင်းသုံးလအတွင်း၌လည်း အထူးစီမံချက်ဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် အသိပညာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့များနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ် များဖော်ပြခဲ့မှုကြောင့် တိုင်ကြားသူများ များပြားလာပြီး အချိန်မီ ကယ်တင်နိုင်ခဲ့သူများလည်း ရှိခဲ့သည်ဟု သိရ သည်။ ၂၀၁၁ ခုနှစ်အတွင်းတွင် လည်းယင်းကဲ့သို့အထူးစီမံချက်များ ကို အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဆက်လက် အကောင်အထည်ဖော် သွားမည်ဟု သိရသည်။

0 စာဖတ်သူတို့စကားများ:
Post a Comment