ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အတွင်းဖြစ်ပွားခဲ့သော လူကုန်ကူးမှု ၁၇၃ မှုအနက် ၁၅၈ မှုမှာ နယ်စပ် ဖြတ်ကျော် လူကုန်ကူးမှုများဖြစ်ပြီး ခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်များ အဓိကထား အသုံးပြုခဲ့ ကြကြောင်း ၂၀၁၀ ပြည့်နှစ် လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာအရ သိရသည်။
၂၀၁၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများတွင် အိမ်နီးချင်းနိုင်ငံများသို့ ဦးတည်ခဲ့ သည့် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု (Cross Border Trafficking ) များဖြစ်ကြောင်းသိရပြီး အဓိက အသုံးပြုခဲ့ကြသည့် လမ်းကြောင်းမှာ ပြည်တွင်းမြို့ကြီးများမှ နယ်စပ်မြို့ များသို့ ဆက်သွယ်သွားလာနေသည့် ခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်များကို အသုံးပြုခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
လူကုန်ကူးမှု ကျူးလွန်သူများ အသုံးပြုသည့် လမ်းကြောင်းများကို လေ့လာတွေ့ရှိ၍ ဖော်ထုတ်နိုင်ခဲ့ သည့်အတွက် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ ခရီးသည် သယ်ယူပို့ဆောင် ရေးလုပ်ငန်းများကို အခြေခံသည့် လူကုန်ကူးမှု အသိပညာပေးရေး အထူးစီမံချက်ကို ချမှတ်ကာ အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်းများတွင် ဗီဒီယိုအခွေများ ဖွင့်လှစ်ပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ဖြင့်ဆောင်ရွက်ခဲ့ရာ ထိရောက်မှုရှိ ခဲ့သည်ဟု လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့မှ သတင်းရရှိ သည်။
ယင်းသို့ လူကုန်ကူးသူများအဓိက ပစ်မှတ်ထား စည်းရုံးသိမ်းသွင်း ဆောင်ရွက်နေသည့်ဒေသများ၊ လူစုဆောင်း ခေါ်ဆောင်လေ့ရှိသည့် ဒေသများ၊ သယ်ယူပို့ဆောင် သွားလေ့ရှိသည့် လမ်းကြောင်းများနှင့် အဓိကအခြေစိုက်၍ လွှဲပြောင်းပို့ဆောင်နေသော ဒေသများကို အထူးပစ်မှတ်ထား၍ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ၂၀၁၁ ခုနှစ်တွင်လည်း ဆက်လက်တိုးချဲ့ဆောင်ရွက်သွားရန် လိုအပ်မည်ဟု သိရသည်။ ၂၀၁၀ ပြည့်နှစ် လူကုန် ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာအရ လေ့လာသုံးသပ်မှု များပြုလုပ်ပြီး ၂၀၁၁ ခုနှစ်တွင် ဆက်လက်ဆောင်ရွက် သွားမည်ဟု သိရသည်။ ၂၀၁၁ ခုနှစ်လုပ်ငန်းစီမံချက် တွင်လူကုန်ကူးခံရသူများအားကာကွယ် စောင့်ရှောက်ပေးရေးကဏ္ဍ၌ သက်ဆိုင်ရာအပြင် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေး လုပ်ငန်းအဖြစ် ဆောင်ရွက်ရန်လည်း လိုအပ်မည်ဟု နှစ်ပတ်လည် အစီရင်ခံစာတွင် သုံးသပ်ထားသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုများ ဖြစ်ပေါ်နေရာ၌ အိမ်နီးချင်းနိုင်ငံသို့ ဦးတည်သည့် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများဖြစ်ပြီး တရုတ်နိုင်ငံသို့ အများဆုံး ဦးတည်နေကာ ထိမ်းမြားလက်ထပ်ရန် အတွက် ဖြစ်သည် ဟု သိရသည်။ ဒုတိယ ဦးတည်မှု အများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ကြောင်း သိရသည်။ ပြည်တွင်းမှာပင် တစ်နေရာနှင့် တစ်နေရာသို့ ဦးတည်သည့် ပြည်တွင်း လူကုန်ကူးမှုသည်လည်း တတိယအများဆုံး ဖြစ်နေကြောင်း သိရသည်။ မလေးရှားနိုင်ငံသို့ ဦးတည်သည့် လူကုန်ကူးမှုများလည်း ရှိပြီး အနည်းဆုံးဖြစ်သည်ဟု သိရ သည်။
လူကုန်ကူးမှု ပုံစံများအနေဖြင့် အဓမ္မထိမ်းမြားခြင်း၊ လုပ်အားခေါင်း ပုံဖြတ်စေခိုင်းခြင်း၊ ပြည့်တန်ဆာ ပြုလုပ်ခြင်း၊ အဓမ္မတောင်းရမ်းစေခိုင်းခြင်းနှင့် ကလေးငယ်များအား မွေးစားရန်၊ ကလေးသူတောင်းစားများ ပြုလုပ်ရန်အတွက် ကလေးသူငယ် လူကုန်ကူးခြင်း စသည့်ဖြင့် ကျူးလွန်လေ့ရှိသည်ဟု သိရသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေး စီမံကိန်းနှင့် နှစ်ပတ်လည်အစီရင်ခံ စာများအရ မြန်မာနိုင်ငံရှိ မြို့နယ် ပေါင်း ၃၃၀ အနက် ၁၀ ရာခိုင်နှုန်း ခန့်သော မြို့နယ်တို့တွင်သာ လူကုန်ကူးမှုဖြစ်စဉ်များ အဓိက ဖြစ်ပေါ်နေသည်ကို လေ့လာတွေ့ရှိရပြီး ကျူးလွန်သူတရားခံများ၊ ပစ်မှတ်ထား ကျူးလွန်ခံကြရသည့် လူကုန်ကူးခံရသူ (Victims)များသည်လည်း အဆိုပါ မြို့နယ်များတွင်သာ အခြေစိုက် နေထိုင်ကြခြင်းဖြစ်သည်ဟု သိရသည်။ အဓိကမြို့ကြီးများနှင့် ဒေသများတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အထူးအဖွဲ့ ၂၃ ဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေသည် ဟု သိရသည်။
Thursday, 07 April 2011 14:54
http://www.news-eleven.com/index.php?option=com_content&view=article&id=7965:2011-04-07-08-39-13&catid=42:2009-11-10-07-36-59&Itemid=112
0 စာဖတ်သူတို့စကားများ:
Post a Comment