Sometimes silence is a really good answer.

Wood အီဒီယံ အသုံးအနှုန်းများ

ဒေါ်လှလှသန်း
http://burmese.voanews.com/content/english-learning-06-18-2012/1417070.html
ဒီသတင်းပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ knock on wood (touch wood),  dead wood, Not out of the woods နဲ့ can’t see the wood (forest) for the trees တို့ကို တင်ပြထားပါတယ်
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ knock on wood ဖြစ်ပါတယ်။ Knock = ခေါက်သည်။ On = အပေါ်မှာ။ Wood = သစ်သား တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်မှာ သစ်သားပေါ်ကို ခေါက်သည် ဖြစ်ပါတယ်။ ဒီအသုံးက အယူသီးမှုကနေ ဆင်းသက်လာတယ်လို့ ဆိုရမှာပါ။ ရှေးအခါက အိုင်ယာလန် (Irelands) ရဲ့  ထုံးတမ်းအစဉ်အလာတရပ်က သစ်ပင်တွေဟာ နတ်စောင့်၊ အစောင့်အရှောက်ရှိတယ်လို့ ယုံကြည်ပြီး ကံဆိုးတာကို ကာကွယ်ရနိုင်အောင်။ ဒါမှမဟုတ် ကံကောင်းစေဖို့အတွက် သစ်သားကို လက်ဆစ်နဲ့ခေါက်ပြီးတော့ တချိန်တည်းမှာ ပါးစပ်ကနေ ကံကောင်းပါစေလို့ ပြောတဲ့အလေ့အကျင့်ကနေ ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။
အမေရိကန်မှာ knock on wood သုံးပြီး ဗြိတိန်မှာတော့ touch wood လို့ ပြောဆိုပါတယ်။ ဆိုလိုတာက သစ်သားကို လက်နဲ့ထိပြီး ဆိုးတဲ့ကံပျောက် ကောင်းတဲ့ကံ ရောက်စေဖို့၊ ကျမတို့မြန်မာမှာတော့ ယတြာသဘော ပြုလုပ်တာမျိုး ဖြစ်ပါတယ်။ နောက် အယူအဆတခုကတော့ ခရစ်တော်ယေရှူရဲ့  လက်ဝါးကပ်တိုင်ကို သစ်သားနဲ့ ပြုလုပ်ထားတာကြောင့် သစ်သားကိုထိရင်၊ ခေါက်ရင် ကံကောင်းတယ်ဆိုတဲ့ အယူအဆကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ တခါတရံလည်း ကံကောင်းနေတဲ့ လူတဦးက ဆက်ကံကောင်းပါစေလို့ ဆုတောင်းရာမှာ ကာယကံရှင်က touch wood ဒါမှမဟုတ် knock on wood လို့ ပါးစပ်မှပြောပြီး တချိန်တည်းမှာ သစ်သားကို လက်ဆစ်နဲ့ ခေါက်တာ၊ ထိတာ၊ ပုတ်ပြီး ပြောတာကနေ ဒီအသုံး ဆင်းသက်လာတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်က ကိုယ့်အတွက် ကံကောင်းပါစေ။ ကံဆိုးတာတွေ မဖြစ်ပါစေနဲ့လို့ ရည်ညွှန်းတာ ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Our company facing hard time I am knocking on wood so that I won’t lose my job.

ကျနော်တို့ ကုမ္မဏီက အခက်အခဲ၊ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတော့ ကျနော်လည်း အလုပ်မပြုတ်ပါစေနဲ့လို့ ကံကောင်းဖို့ ဆုတောင်းနေရတယ်။
ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးမှာ dead wood ဖြစ်ပါတယ်။ Dead = သေသည်၊ အသက်မရှိလို့ သာမန်အားဖြင့် အဓိပ္ပါယ်ရပေမယ့် Wood = သစ်သား ဖြစ်ပြီး dead wood ကတော့ သစ်ဆွေးကို ခေါ်ခြင်းဖြစ်ပါတယ်။ သစ်ဆွေးလို့ ကြားလိုက်တာနဲ့ ဆွေးနေတဲ့ သစ်ဟာ သုံးမရတော့ဘူးလို့ အများ နားလည်းကြမှာပါ။ ဒါကြောင့် dead wood ရဲ့  အီဒီယံအသုံးက အလုပ်မဖြစ်တော့တဲ့၊ သုံးလို့မရတော့တဲ့ တနည်းအားဖြင့် မြန်မာစကားမှာတော့ ဆန်ကုန်မြေလေး ဖြစ်တဲ့လူတွေကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်တွေမှာပေါ့။
ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Since our team will be working with a new technology, I must admit we will have to get rid of some of dead wood.

ကျနော်တို့အသင်းက နည်းပညာအသစ်ကို သုံးပြီး အလုပ်လုပ်ကြတော့မှာဆိုတော့ ကျနော်တို့အဖွဲ့မှာ ဒီနည်းသစ်ကို မသိရှိကြတဲ့ သုံးလို့မရတဲ့လူတွေကိုတော့ ကျနော် ထုတ်ပြစ်ရမှာ ဖြစ်တယ်ဆိုတာကို ဝန်ခံရလိမ့်မယ်။
နောက်ထပ် တင်ပြပေးမယ့် အီဒီယံအသုံးမှာ Not out of the woods ဖြစ်ပါတယ်။ Not = မဟုတ်သဘောကို ပြသည်။ Out of = အပြင်ဖက်ကို ရောက်ရှိသည်။ Woods = သစ်တောများ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က သစ်တောထဲက မထွက်နိုင်သေးတာ၊ သစ်တောရဲ့  အပြင်ကို မရောက်သေးတာ ဖြစ်ပါတယ်။ သစ်တောဆိုတာက ဒီနေရာမှာ အခက်အခဲ၊ ဆူးညှောင့်ခလုပ် ပြဿနာတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်အသုံးမှာ not out of the woods က အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ လူတဦးအနေနဲ့ အခြေအနေမှန် နည်းနည်းကောင်းလာတယ် ဆိုရပေမယ့် လုံးဝတော့ အခက်အခဲတွေကနေ မကျော်လွန်နိုင်သေးတာကို ဆိုလိုတာ ဖြစ်ပါတယ်။
ဥပမာ လူနာတဦး အသဲအသန် ဖြစ်နေရကနေ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ အခြေအနေမှာ မရှိတော့ပေမယ့် လုံးဝတော့ စိတ်မချရသေးတဲ့ အခြေအနေဆိုရင် not out of the woods လို့ ရည်ညွှန်းပြောဆိုနိုင်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Our business is getting better. But, we are not out of the woods yet.

ကျနော်တို့ စီးပွားရေးလုပ်ငန်း နည်းနည်းကောင်းလာပြီလို့ ဆိုရပေမယ့် လုံးဝတော့ စိတ်မချရသေးပါဘူး။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးမှာ can’t see the wood for the trees ဖြစ်ပါတယ်။ အမေရိကန်အသုံးအရတော့ wood အစား forest ဆိုပြီး can’t see the forest for the trees လို့လည်း အသုံးပြုကြပါတယ်။ Can’t (cannot) = မလုပ်နိုင်သည်။ See = မြင်သည်။ the Wood = သစ်တော။ For = အတွက် နဲ့ the Trees = သစ်ပင်များ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က သစ်ပင်တွေကြောင့် သစ်တောကို မမြင်နိုင်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်က သစ်ပင်တွေကို အသေးစိတ် အချက်အလက်တွေနဲ့ တင်စားပြောထားတာဖြစ်လို့ အသေးစိတ် အချက်အလက်တွေကို သိပ်ဦးစားပေးလွန်ရင် အခြေအနေတခုလုံးကိုခြုံပြီး ဘာကအရေးကြီးတယ်၊ ဘာကို ဦးစားပေးရမယ်ဆိုတာကို နားလည်းသဘောမပေါက်နိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Mary can’t see the wood for the trees as she is too involved in details. She will have to change her way of thinking.

Mary က အသေးစိတ် အချက်အလက်တွေကို သိပ်ဦးစားပေး စဉ်းစားတော့ ဘာက အရေးကြီးတယ်၊ ဘာကို ဦးစားပေးရမယ်ဆိုတာကို သူနားမလည်းနိုင်ဘူးလေ။ ဒါကြောင့် သူ့အမြင်ကို ပြောင်းမှဖြစ်မယ်။

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!